မြန်မာဘက်က ပစ်ခတ်တဲ့ လက်နက်ကျည်ကျပြီးနောက် ထိုင်းအချုပ်အခြာအာဏာကို ကာကွယ်ဖို့ ထိုင်းစစ်တပ် အသင့်ပြင်ထားတယ်လို့ ဆို
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် နယ်စပ်တစ်လျှောက်မှာ ထိုင်းစစ်တပ်က လက်နက်ကြီးတွေနဲ့ အပေါ့စား သံချပ်ကာယာဉ်တွေကို အသင့်ထားရှိထားပြီး စစ်တပ်ကိုလည်း တပ်ဖြန့်ထားမှုတွေ လုပ်ဆောင်ထားတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးအားနည်းတဲ့နေရာတွေမှာလည်း ရတ်ချာမန်နူတပ်ဖွဲ့နဲ့ နရစွမ်တပ်ဖွဲ့တို့က အင်အားဖြည့်ထားပြီး နိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာတာတွေကို တားဆီးနိုင်ဖို့နဲ့ နယ်စပ်တစ်လျှောက် အချုပ်အချာပိုင်နက်ကို ကာကွယ်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဒါဟာ အခု နိုဝင်ဘာ ၂၂ ရက်နေ့ (စနေနေ့) က ထိုင်းနယ်စပ်အနီး မြန်မာဘက်ခြမ်းမှာ စစ်အုပ်စုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကျည်အချို့ ထိုင်းဘက်ခြမ်းကို ကျရောက်ခဲ့တာပါ။ ထိုင်းစစ်တပ်က ချက်ချင်း ဆိုသလို သတိပေးတုံ့ပြန်ပစ်ခတ်မှုတွေ ပြန်လည် လုပ်ဆောင်ခဲ့သလို နယ်စပ်တစ်လျှောက် အင်အားဖြည့် စောင့်ကြည့်မှုတွေ အခုလို လုပ်ဆောင်လာတာပါ။

ပြီးခဲ့တဲ့ စနေနေ့က တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မဲ့ကွန်ကင်ရွာထဲက နေအိမ်ခြံဝင်းတစ်ခုထဲကို မြန်မာဘက်က လက်နက်ကျည်အချို့ ကျရောက်ခဲ့ပြီး ဒေသခံတစ်ဦးပိုင်ဆိုင်တဲ့ မော်တော်ယာဉ်ကို ထိမှတ်ခဲ့ပါတယ်။ လက်နက်ကျည်အမျိုးအစားကို ထိုင်းစစ်တပ်က တရားဝင် ထုတ်ပြောတာမျိုးတော့ မရှိခဲ့ပါဘူး။

အဲဒီနောက် ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် လုံခြုံရေးကင်းလှည့်မှုတွေကို နေ့ရောညပါ လုပ်ဆောင်ခဲ့ပြီး နယ်စပ်ဂိတ်နေရာတွေနဲ့ လုံခြုံရေးအားနည်းတဲ့နေရာတွေကို ပိုမိုတင်းကြပ်စောင့်ကြည့်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

နယ်စပ်တစ်လျှောက်မှာ UAV ဒရုန်းတွေကို စောင့်ကြည့်မှုတွေ လုပ်ဆောင်နေသလို တစ်ဖက်နိုင်ငံထဲက ဒရုန်းတွေ ထိုင်းနိုင်ငံထဲ ထောက်လှမ်းရေး ထိုးဖောက်ဝင်ရောက်တာမျိုးတွေ မဖြစ်ပွားအောင် တားဆီးနိုင်ဖို့ ဒရုန်းတိုက်ဖျက်ရေးအဖွဲ့နဲ့ စောင့်ကြည့်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
နယ်စပ်တစ်လျှောက် လုံခြုံရေးတွေကို ထိုင်းစစ်တပ်နဲ့အတူ ဒေသအာဏာပိုင်တွေ၊ ကျေးရွာ အုပ်သောသူကြီးနဲ့ တာဝန်ရှိသူတွေက ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေသလို ထိုင်းနိုင်ငံရဲ့နယ်မြေကို ထိခိုက်လာပါက ပြန်လည်တုံ့ပြန်တိုက်ခိုက်ဖို့ အသင့်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – AEC News
