မြန်မာပြည်သူများ တိုက်ပွဲ၀င်နေမှုကို အိန္ဒိယနိုင်ငံမှ နားလည် သဘောပေါက်လိမ့်မည်ဟု မျှော်လင့်ကြောင်း NUG ဆို

Author မွန်လေး
Categories
Published on Jan 26, 2023

 

မြန်မာပြည်သူများ တိုက်ပွဲ၀င်နေမှုကို အိန္ဒိယနိုင်ငံမှ နားလည် သဘောပေါက်လိမ့်မည်ဟု မျှော်လင့်ကြောင်း အမျိုသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါ်ဇင်မာအောင်က အိန္ဒိယနိုင်ငံ၏ ၇၄ နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

သ၀ဏ်လွှာတွင် ထူးမြတ်လှသည့် နေ့ထူးနေ့မြတ်ကို ၇၄ နှစ်ကျော်တိုင် အောင်မြင်စွာတည်တံ့ခိုင်မြဲခဲ့သည့် အတွက် မိမိတို့အနေနှင့် အိမ်နီးနားချင်းနိုင်ငံတခုအနေနှင့် အထူးပင် ၀မ်းမြောက်ဂုဏ်ယူမိကြောင်း၊ နှစ်ပေါင်းများစွာ အောင်မြင်မှုများ ဆက်လက်ပိုင်ဆိုင်နိုင်ပါစေဟု ဆုမွန်တောင်းထားသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် သမိုင်းအစဉ်အလာ ယဉ်ကျေးမှု အမွေအနှစ်၊ ယုံကြည်မှုဓလေ့ ဆက်နွယ်နေကြသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး၊ သမိုင်းအချိုးအကွေ့များကို အတူတကွ ဖြတ်ကျော်ကာ သမိုင်း၏ အကောင်းဆုံးများကို အတူတကွ မျှဝေခံစားခဲ့ကြသူများဖြစ်သဖြင့် မြန်မာပြည်သူများအနေဖြင့် အိန္ဒိယနိုင်ငံ၏ ဆယ်စုနှစ်အတွင်း အင်အားကြီး နိုင်ငံအဖြစ် ထွက်ပေါ်လာခဲ့မှုကို ဂုဏ်ယူမိကြောင်း သ၀ဏ်လွှာတွင် ဆိုထားသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံတခုဖြစ်ပြီး အာရှဒေသတွင်လည်း မြန်မာပြည်သူများ အားကျအတုယူရသည့် ဒီမိုကရေစီနိုင်ငံတခုလည်း ဖြစ်သည့်သည့်အပြင် ဒီမိုကရေစီမီးရှုး တန်ဆောင်လည်းဖြစ်သဖြင့် ၊ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲ၀င်နေသည့် မြန်မာပြည်သူများအပေါ်တွင်လည်း ထွန်းလင်း နိုင်ပါစေဟု သ၀ဏ်လွှာတွင် ဒေါ်ဇင်မာအောင်က ဆုမွန်တောင်းထားသည်။

ထို့ပြင် မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းနိုင်ရေးအတွက် ရုန်းကန် တိုက်ပွဲ၀င်နေမှုကိုလည်း အိန္ဒိယနိုင်ငံမှ နားလည် သဘောပေါက်လိမ့်မည်ဟုလည်း မျှော်လင့်မိကြောင်း ပြည်ထောင်စု၀န်ကြီး ဒေါ်ဇင်မာအောင်၏ သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

NUG အနေဖြင့် အိန္ဒိယနိုင်ငံ၏ ဒေသတွင်း အရေးပါမှုကို နားလည်သဘောပေါက်ကြောင်း၊ မျှော်မှန်းထားသည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်သည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ဖြန့်ကျက်စေနိုင်ပြီး အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွား၊ စီးပွားရေးစီမံကိန်းများကို ပိုမို အကျိုးဖြစ်ထွန်းစေမည်သာဖြစ်ကာ အနာဂတ်နိုင်ငံတော်သစ်တွင် အိန္ဒိယနိုင်ငံနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရေးသာ မျှော်မှန်းထားသည်ဟု ပြည်ထောင်စု၀န်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #ဒေါ်ဇင်မာအောင် #အန္ဒိယနိုင်ငံ #အမျိုးသားနေ့