မြန်မာပြည်သူများအနေဖြင့် ဆင်းရဲနွမ်းပါးမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ လူကုန်ကူးမှုများကို နေ့စဉ်ကြုံတွေ့နေရကြောင်း ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် တင်ပြ

Author လင်းခိုင်
Categories
Published on Oct 14, 2022

မြန်မာပြည်သူများအနေဖြင့် ဆင်းရဲနွမ်းပါးမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ လူကုန်ကူးမှုများကို နေ့စဉ်ကြုံတွေ့နေရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးတွင် တင်ပြခဲ့သည်။

အောက်တိုဘာ ၁၂ ရက်တွင်ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ ဆဌမကော်မတီအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စိန်ခေါ်မှုမြောက်များစွာကို ရင်ဆိုင်နေရကြောင်း၊ လူမဆန်သည့် စစ်တပ်သည် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအပါအ၀င် နိုင်ငံတကာ လူသားချင်းဆိုင်ရာဥပဒေနှင့် လူ့အခွင့်အရေးကိုလည်း ဆက်လက်ကျူးလွန်နေကြောင်း သံအမတ်ကြီးက ပြောကြားသည်။

စစ်ကောင်စီသည် မြန်မာပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုခြင်းကြောင့် လူဖန်တီးမှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုကျိုမား၏ နောက်ဆက်တွဲ လူမှုစီးပွားဘ၀နှင့် လုံခြုံရေးကျဆင်းမှု၊ ဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိက္ခာမလုံခြုံမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ကလေးငယ်များအပါအ၀င် အခြားသောလူကုန်ကူးမှုများ၊ နေရပ်စွန့်ခွာမှုများနှင့် ဒုက္ခသည်များဖြစ်စသည့် အခက်အခဲများကို ပြည်သူများနေ့စဉ်ကြုံတွေ့နေရကြောင်း သံအမတ်ကြီးက ပြောကြားသည်။

IIMM အနေဖြင့် စစ်တပ်မှ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို အစီရင်ခံစာတွင် တိတိပပ ထည့်သွင်း ဖော်ပြထားပြီးဖြစ်ကြောင်း၊ မြန်မာပြည်သူများအနေဖြင့် နိုင်ငံတကာအသိုက်အ၀န်းထံမှ ထိရောက်မှုရှိသော အရေးယူဆောင်ရွက်မှုနှင့် အကူအညီများကို တောင်းဆိုလျက်ရှိကြောင်း၊ သို့ရာတွင် အဆိုပါအကူအညီကို ယနေ့တိုင်လက်ခံရရှိခြင်းမရှိဘဲ တိကျပြတ်သားသည့် ဆုံးဖြတ်ချက်များလည်း ထွက်ပေါ်လာခြင်းမရှိသေးကြောင်း သံအမတ်ကြီးကဆက်လက်ပြောကြားသည်။

ကကုလသမဂ္ဂလုံခြုံရေးကောင်စီကဲ့သို့ အရေးပါသည့် အပြည်ပြည်ဆိုင်ရာယန္တရားတစ်ခုအနေဖြင့် အပြစ်မဲ့ပြည်သူများကို ရက်စက်ကြမ်းကြုတ်မှုအန္တရာယ်မှ ကာကွယ်ပေးရန် တိကျပြတ်သားသော အရေးယူဆောင်ရွက်ချက်ကို မပေးနိုင်လျှင် တိကျပြတ်သားသော အရေးယူဆောင်ရွက်ချက်ကို မချမှတ်နိုင်လျှင် မည်သည့်တရားရုံးတွင်မဆို တရားစီရင်နိုင်သည့် တရားစီရင်ပိုင်ခွင့် သဘောတရားအသုံးချမှုကို အထူးလိုအပ်ကြောင်း သံအမတ်ကြီးကပြောကြားသည်။

ထို့ကြောင့် မည်သည့်တရားရုံးတွင်မဆို တရားစီရင်နိုင်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်ပယ်နှင့် အခြေခံ သဘောတရားကို အသုံးပြုပြီး မြန်မာပြည်တွင်ဖြစ်ပေါ်နေသည့် မြန်မာပြည်သူများမလိုလားသည့် စစ်ရာဇ၀တ်မှုနှင့် လူးသားမျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇ၀တ်မှုကျူးလွန်သူ စစ်အာဏာရှင်များကို တရားစီရင်နိုင်ရန် အားစိုက်ထုတ် ကြိုးပမ်းမှု အားလုံးကို ကြိုဆိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

Related News

Depend on news