မြန်မာနိူင်ငံတွင် ပြည်သူများငတ်နေချိန် စစ်ကောင်စီက သီရိလင်္ကာကို ဆန်တန်ချိန်တစ်ထောင်လှူဒါန်း

Author အောင်နိူင်သူ
Categories
Published on Sep 03, 2022

မြန်မာနိူင်ငံတွင် ကုန်စျေးနှုန်းကြီးမြင့်ပြီး ပြည်သးများငတ်နေချိန် စစ်ကောင်စီက သီရိလင်္ကာနိူင်ငံကို ယမန်နေ့ကဆန်တန်ချိန်တစ်ထောင်လှူဒါန်းခဲ့သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အာဏာသိမ်းစစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်၏ စီမံဆောင်ရွက်ပေးမှုဖြင့် မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် (၁၀၀၀) လွှဲပြောင်းလှူဒါန်းပွဲ အခမ်းအနားကိုစက်တင်ဘာ ၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Asia World Port Terminal ၌ ကျင်းပခဲ့သည်ဟု သိရသည်။

သီရိလင်္ကာပြည်သူများအပေါ် မြန်မာအစိုးရ၏ စာနာမှုကို ပြသခြင်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည်ဖြစ်၍ ဆန်လှူဒါန်းရတာဖြစ်သည်ဟု စစ်ကောင်စီခန့်ဝန်ကြီးကပြောသည်။

ကုန်စျေးနှုန်းကြီးမြင့်ပြီး အလုပ်အကိုင်အခွင့်အလမ်းရှားပါးနေချိန်တွင် စစ်ကောင်စီက ပြည်သူလူထု၏ စားဝတ်နေရေးကို ငဲ့ညှာမှုမရှိဘဲ မိမိအာဏာတည်မြဲရေးအတွက် နိူင်ငံတကာတွင် မျက်နှာရစေရန်လုပ်ဆောင်တာ ဖြစ်သည်ဟု နိူင်ငံရေးသမားတစ်ဦးက ဝေဖန်ပြောဆိုသည်။

“ပြည်သူတွေက ငတ်နေပြီ အခုဆိုကိုယ်ချင်း စာတရားရှိတဲ့သူတွေက ဆန်တစ်ပြည်တစ်ရာနဲ့ရောင်းပေး ကြက်ဥတစ်လုံး တစ်ရာရောင်းပေးနေကြတယ် စစ်တပ်က သူရဲ့အချိုးအတိုင်း နိူင်ငံရဲ့ဘဏ္ဏာကို အခြားနိုင်ငံကိုထောက်ပံ့တယ် ဒါဟာနိူင်ငံတကာမှာ မျက်နှာရချင်လို့ ပြည်တွင်းမှာ ငတ်ပြီးသေချင်သေ ဂရုစိုက်မှာမဟုတ်ဘူး”ဟု ရှင်းပြသည်။

ဆန်စျေးများစျေးတက်နေချိန် ပြည်သူများကို သက်သာချောင်ချီရေးအတွက် စျေးနှုန်းလျှော့ချပြီးရောင်းချမပေးဘဲ စစ်ကောင်စီကအလိုကျ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်လည်းပါဝင်နေသည်ဟု ပြည်သူတစ်ဦးက ပြောသည်။

“ဆန်စျေးတွေဘယ်လောက်ထိုးတက်နေလဲ ဆန်စပါးအသင်းချုပ်က ဘာလုပ်နေလဲ စစ်တပ်အလိုကျ စျေးကစားနေတယ် ပြည်သူ့မျက်နှာမကြည့်ဘူး နေရာရရင်ပြီးရော ဆိုတဲ့စိတ်ပဲရှိတယ်”ဟု ပြောသည်။

သီရိလင်္ကာနိူင်ငံသို့ ဆန်တန်ချိန်တစ်ထောင် လှူဒါန်းပေးရန်စီစဥ်ရာတွင် စစ်ကောင်စီ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်သည်ဟု သိရသည်။