မြန်မာနိုင်ငံ အခက်အခဲအား ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဖြေရှင်းရန်လိုအပ်နေကြောင်း ဦးကျော်မိုးထွန်း ပြောကြား

Author လင်းခိုင်
Categories
Published on Oct 08, 2022

မြန်မာနိုင်ငံ အခက်အခဲအား ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ပူးပေါင်းဆောင်ရွက်ပြီး ဖြေရှင်းရန်လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဥပဒေရေးရာဆိုင်ရာကော်မတီ (ဆဌမကော်မတီ) အစည်းအဝေးတွင် သံအမတ်ကြီးက အောက်တိုဘာ ၇ရက်တွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်ခေါင်းဆောင်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာများအားလုံးကို စစ်အာဏာသိမ်းခြင်းဖြင့် ထိန်းချုပ်ထားကြောင်း၊ တရားမ၀င်စစ်အာဏာသိမ်းမှုသည် ဥပဒေကြောင်းအရသော်လည်းကောင်း၊ တရား၀င်မှုအရသော်လည်းကောင်း အကျုံးမ၀င်ကြောင်း သံအမတ်ကြီးက ပြောကြားသည်။

သို့ရာတွင် တရားမ၀င် အာဏာသိမ်းစစ်တပ်သည် ယင်း သဘောဆန္ဒအလျောက် ဥပဒေပြုမှုများ ဆောင်ရွက်နေပြီး၊ မည်သည့်တရားရုံးမှ ဥပဒေကို လွတ်လပ်စွာ စီရင်ဆုံးဖြတ်နိုင်ခြင်းမရှိကြောင်း၊ တရားရုံးများသည် စစ်တပ်အမိန့်အတိုင်း အမိန့်စာများပေါ်တွင် တံဆိပ်တုံးရိုက်နှိပ်ပေးခြင်းကိုသာ လုပ်ဆောင်လျက်ရှိသည်ဟု သံအမတ်ကြီးကပြောကြားသည်။

ထို့ပြင် စစ်တပ်သည် ဒီပဲယင်းမြို့နယ်၊ လက်ယပ်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ခုကို ရဟတ်ယာဉ်သုံးတိုက်ခဲ့ရာ ကလေးငယ် ခုနှစ်ဦးအပါအ၀င် ၁၃ဦးသေဆုံးခဲ့မှုသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် လူသားချင်းဆိုင်ရာ ဥပဒေများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာရောက်ကြောင်း ကုလသမဂ္ဂ၏ ဥပဒေရေးရာဆိုင်ရာကော်မတီ အစည်းအဝေးတွင် သံအမတ်ကြီးက တင်ပြခဲ့သည်။

စစ်ကောင်စီသည် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများချိုးဖောက်နေမှုသည် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုအပေါ် ကြီးလေသော သက်ရောက်မှုရှိကြောင်း၊ မြန်မာနိုင်ငံ အခက်အခဲအား ဒေသတွင်းနှင့် နိုင်ငံတကာ အဆင့်တွင် အထူးသဖြင့် ကုလသမဂ္ဂ လုံခြု့ရေးကောင်စီတွင် လက်တွဲညီ ပူးပေါင်းဆောင်ရွက်ဖြေရှင်းရန်လိုအပ်နေကြောင်း ဦးကျော်မိုးထွန်းကဆိုသည်။

စစ်တပ်၏ အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းခြင်းဖြင့်သာ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုပြန်လည် တည်ဆောက်နိုင်မည်ဖြစ်သဖြင့် အာဆီယံနှင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုက်အ၀န်းအနေဖြင့် မြန်မာပြည်သူများဖြင့် အတူရပ်တည်ပေးရန် ရွေးကောက်ခံ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင်တောင်းဆိုခဲ့သည်။

Related News

Depend on news