မြန်မာနိုင်ငံအနှံ့ နေအိမ်များ မီးပတ်ရှို့နေသည့် မင်းအောင်လှိုင်က ငြိမ်းချမ်းမှုမရှိသည့် ဒေသများ ဖွံ့ဖြိးတိုးတက်မှု အလှမ်းဝေးနေမည်ဟုပြောကြား

Author လင်းခိုင်
Categories
Published on Dec 03, 2022

မြန်မာနိုင်ငံအနှံ့ နေအိမ်များ မီးပတ်ရှို့နေသည့် အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်က ငြိမ်းချမ်းမှုမရှိသည့် ဒေသများဖွံ့ဖြိုးတိုးတက်မှု အလှမ်းဝေးနေမည်ဟု ဒီဇင်ဘာ ၂ရက်တွင် ပြင်ဦးလွင်မြို့၊ စစ်က္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်း စစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည်။

မင်းအောင်လှိုင်က ငြိမ်းချမ်းမှုမရှိသည့် ဒေသတွင် ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ အလှမ်းဝေးနေမည် ဖြစ်သကဲ့သို့ ဒေသခံ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည်များလည်း နိမ့်ကျနေမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပေါင်းစုံနှင့် စုစည်းထားသည့် တပ်မတော်အနေဖြင့် လူမျိုးရေး ခွဲခြားမှုဆိုသည်မှာ လုံး၀မရှိဟု ပြောကြားသည်။

ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်လည်း တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခြေခံ ဥပဒေအချက် နှစ်ခုပေါ်တွင် အခြေခံပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လက်တွေ့ကျကျတိုးတက်လာနိုင်စေရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်လျက်ရှိပြီး ရလဒ်ကောင်းများ ရရှိခဲ့သည်ဟု မင်းအောင်လှိုင်က ပြောကြားသည်။

တိုင်းပြည်အာဏာကို စစ်တပ်မှ လုယူပြီးနောက် မတရားဖမ်းဆီးခဲ့ရသူများကိုလည်း နိုင်ငံရေးအရ အရေးယူခြင်းမဟုတ်ဘဲ ယင်းတို့ ကျူးလွန်ခဲ့သည့် ဥပဒေချိုးဖောက်မှုများကြောင့် ဥပဒေအရ အရေးယူခဲ့ရခြင်း ဖြစ်သည်ဟုလည်း မင်းအောင်လှိုင်က ဆိုသည်။

အရေးယူခဲ့သူအချို့ကိုလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြစ်ဒဏ်လျော့ပေးခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းများ ကို စစ်တပ်က သဘောထားကြီးစွာဖြင့် ဆောင်ရွက်ပေးခဲ့သည်ဟုလည်း မင်းအောင်လှိုင်က ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီသည် တိုင်းပြည်အာဏာကို မတရားလုယူပြီးနောက် ပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းများကို နေ့စဉ်ပြုလုပ်လျက်ရှိပြီး၊ ထိုအကြောင်းအရာများကို လိမ်ညာပြီး ယင်းလက်အောက်ခံ တပ်သားများကို စည်းရုံးပြောကြားမှုများ ပြုလုပ်လျက်ရှိသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မင်းအောင်လှိုင် #ငြိမ်းချမ်းရေး