မြန်မာနိုင်ငံမှ မြင်တွေ့ခဲ့ရသည့် အလင်းတန်းသည် အိန္ဒိယ တာဝေးပစ် ဒုံးပျံကြောင့်ဖြစ်ဟုဆို ၊ ဂြိုဟ်သိမ်တစ်ခု ဖြတ်သန်းသွားခြင်းဟုလည်း မီဒီယာအချို့တွင် ဖော်ပြထား

Author လင်းခိုင်
Categories
Published on Dec 15, 2022

 

မြန်မာနိုင်ငံမှ မြင်တွေ့ခဲ့ရသည့် အလင်းတန်းသည် အိန္ဒိယ တာဝေးပစ် ဒုံးပျံကြောင့် ဖြစ်နိုင်ကြောင်း Myanmar Astronomy & Science Enthusiasts Society က ထုတ်ပြန်ထားသည်။

အိန္ဒိယ ကာကွယ်ရေး၀န်ကြီးဌာနမှ လွှတ်တင်မည်ဟု ကြေညာထားသည့် တာဝေးပစ်ဒုံးပျံသည် ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်အတွင်း လွှတ်တင်မည်ဟု ကြေညာထားကြောင်း၊ ထို့ကြောင့် ယခုအလင်းတန်းသည် အိန္ဒိယနိုင်ငံမှ လွှတ်တင်သည့် Agni-5 Ballistic Missile တာဝေးပစ်ဒုံးပျံကြောင့် ဖြစ်သည်ဆိုတာ သေချာကြောင်း Myanmar Astronomy & Science Enthusiasts Society က ထုတ်ပြန်ထားသည်။

NASA မှ လွှတ်တင်မည့် သမုဒ္ဒရာ လေ့လာရေးဂြိုလ်တုသွားမည့် Falcon-9 ဒုံးပျံလဲမဟုတ်ကြောင်း၊ ယင်း mission ကို ယနေ့တွင် ဆောင်ရွက်ရန် NASA မှ စီမံထားသော်လည်း ဒီဇင်ဘာ ၁၆ ရက်သို့ ရွှေ့ပြောင်းထားခြင်း ဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံ အာကာသ ကုမ္ပဏီတစ်ခုသည် ဒီဇင်ဘာ ၁၄ ရက်က လွှတ်တင်သည့် ကမ္ဘာ့ပထမဆုံး မီသိန်းဓာတ်ငွေ့သုံး ဒုံးပျံကိုလွှတ်တင်ခဲ့ပြီး ယင်းမစ်ရှင်သည်လည်း မအောင်မြင်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ မြင်တွေ့ရသည့်အလင်းတန်းသည် တရုတ်မှလွှတ်တင်သည့် မအောင်မြင်သည့် ဒုံးပျံမှ ဖြစ်နိုင်သည်ဟု Myanmar Astronomy & Science Enthusiasts Societyက အစပိုင်းယူဆခဲ့သည်။

ယခုမြင်တွေ့ရသည့် အလင်းတန်းသည် ထူးဆန်းသည့် ဖြစ်စဉ်မဟုတ်ဘဲ၊ ဒုံးပျံလွှတ်တင်နေကြဖြစ်သည့် အမေရိကန်နိုင်ငံ၌ ယင်းကဲ့သို့သောအလင်းတန်းမျိုးကို မကြာခဏတွေ့မြင်ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းအလင်းတန်းမှာ ၆၄ ပေအကျယ်အဝန်းရှိကာ တစ်နာရီ ကီလိုမီတာ ၃၀၈၈၈ နှုန်းနှင့် ပျံဝဲနေသည့် 2022 XO ဂြိုဟ်သိမ်တစ်ခု ပျံသန်းနေခြင်းဖြစ်ပြီး ယင်းဂြိုဟ်သိမ်မှာ ကမ္ဘာမြေနှင့် ကီလိုမီတာ ၃ ဒသမ၂ သန်းအမြင့်တွင် အရှိန် တစ်နာရီ ကီလိုမီတာ ၃၀၈၈နှုန်းဖြင့် ပျံသန်းသွားသည်ကို မြန်မာနိုင်ငံမှ မြင်လိုက်ရခြင်းဖြစ်ကြောင်း NASA မှ ထုတ်ပြန်ထားသည်ဟု သတင်းမီဒီယာအချို့တွင် ဖော်ပြထားသည်။

ယနေ့ ဒီဇင်ဘာ ၁၅ ရက် ညနေ ၆ နာရီ မိနစ် ၅၀ ခန့်တွင် အလင်းရောင်ဖြာထွက်နေသည့် အလင်းတန်းတစ်ခုကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ဒေသအချို့တွင် တွေ့မြင်ခဲ့ရပြီး အဆိုပါအလင်းတန်းနှင့်ပတ်သက်ပြီး ပြည်သူများ ကြောက်ရွံထိတ်လန့်မှုများဖြစ်ပေါ်ခဲ့သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #အလင်းတန်း #အိန္ဒိယ #ဒုံးပျံ