မြန်မာတွေအုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ မဲဆောက်စျေးကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေး

မဲဆောက်ဈေးထဲမှာ မြန်မာနိုင်ငံသား ဈေးသည်တွေ နှစ်ရက်ဆက်တိုက် အုပ်စုဖွဲ့ ရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းအာဏာပိုင်တွေက အင်အားသုံးပြီး ဈေးကို ဝင်ရောက် ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။
ဒီပြဿနာဟာ ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့က မြန်မာအများစုရောင်းချတဲ့ မဲဆောက်စျေးမှာ မြန်မာအမျိုးသမီးနှစ်ဦး စကားများရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ပထမနေ့မှာ ဆံပင်ဆွဲလွှဲ ရိုက်နှက်ခဲ့ကြပြီး နောက်တစ်နေ့မှာတော့ လက်စားချေဖို့အတွက် တစ်ဖက်နဲ့တစ်ဖက် အုပ်စုဖွဲ့ပြီး သံတုတ်၊ ဓားတွေကိုင်ဆောင်ကာ အကြီးအကျယ် ရန်ပွဲဖြစ်ပွားခဲ့ကြတာပါ။ ဒီရန်ပွဲကြောင့် ဈေးဝယ်လာတဲ့ ထိုင်းနဲ့ မြန်မာပြည်သူတွေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ရပြီး ဈေးမှာ အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။