မြန်မာစစ်ရှောင်တွေကြောင့် မဲဆောက်အိမ်ခြံမြေဈေး မြင့်တက်

Published on Jan 30, 2024

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာ-ထိုင်း နယ်စပ်မြို့ မဲဆောက်သို့ ရှောင်တိမ်းကျသည့် မြန်မာများကြောင့် အိမ်ခြံမြေဈေးနှုန်းများမြင့်တက်လာကြောင်း ယင်းမြို့ အိမ်ခြံမြေဈေးကွက်အတွင်းမှ သိရသည်။

 

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစတင်၍ ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်လာကဲ့သို့ အိမ်ခြံမြေငှားရမ်းရောင်းဝယ်ရေး ဈေးကွက်သည်လည်း အဆမတန်မြင့်တက်လာသည်ဟု ဈေးကွက်ကျွမ်းကျင်သူများက ဆိုသည်။

မဲဆောက်နှင့်အနီးစပ်ဆုံးမြို့များဖြစ်သော ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့် မြဝတ်တို့တွင် တိုက်ပွဲများ ပြင်းထန်လာပြီးနောက် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များက မဲဆောက်တွင် လူနေအိမ်ခန်းငယ်များ စတင်တည်ဆောက်လာကြကြောင်း မဲဆောက်မြို့တွင်းရောက်ရှိနေသူ မြန်မာနိုင်ငံသားများထံမှ သိရသည်။

 

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ကော့ကရိတ်မြို့ခံများနီးစပ်ရာ မြို့များသို့ စစ်ရှောင်ရပြီးနောက် မဲဆောက်တွင် အိမ်ခန်းငှားခ သိသိသာသာမြင့်တက်လာကြောင်း နှစ်(၂၀)ကျော်ကြာ မဲဆောက်တွင် နေထိုင်နေသူ မြန်မာနိုင်ငံသား ကိုစိုးနိုင်(အမည်လွှဲ)က CJ Platform သို့ ပြောသည်။

 

“အာဏာသိမ်းပြီးနောက်မှာ အရင်က (ဘတ်)သုံးထောင်တန် ခြံနဲ့ အိမ်က (ဘတ်)ခြောက်ထောင်လောက်ထိ ချက်ချင်းတက်သွားပြီး တော်တော်ငြိမ်သွားတယ်။ အခု ကော့ကရိတ်မှာ စစ်ဖြစ်တော့ အရင်က သုံးထောင်တန်အခန်းက (တစ်ခန်းလျှင်)၅၀ဝ(ဘတ်)လောက်ခုန်တက်သွားတယ်” ဟု ၎င်းက ပြောသည်။

 

မဲဆောက်သို့ တိမ်းရှောင်လာသည့် မြန်မာအများစုသည် ဈေးသက်သာသော တိုက်ခန်းတွဲများတွင် ငှားရမ်းနေထိုင်ကြသော်လည်း ရေနှင့် မီတာခမှာ လုံးချင်းအိမ်ငှားနေသူများထက် နှစ်ဆနီးပါးပေးဆောင်နေရသည့်အတွက် ရေနှင့် မီတာခ သက်သာသည့် အိမ်ကို ရှာဖွေနေကြောင်း နိုင်ငံရေးနှင့် တိမ်းရှောင်လာသူ ပညာရေး CDM မိသားစုဝင်တစ်ဦးက ပြောသည်။

တိမ်းရှောင်မြန်မာများအနေဖြင့် Safe house ခေါ် အများနှင့် မျှဝေသုံးစွဲရသည့် ကယ်ဆယ်ရေးအိမ်ရာများ လျှောက်ထားနိုင်သော်လည်း ထိုင်းအာဏာပိုင်များ၏ အဖမ်းအဆီးများခြင်း၊ လျှောက်ထားသူများသည့်အတွက် စောင့်ဆိုင်းချိန်ကြာမြင့်ခြင်းများအပြင် ခြောက်လသာနေထိုင်ခွင့်ရှိခြင်းကြောင့် အိမ်ခန်းရှာဖွေရ အခက်အခဲများရှိသဖြင့် တိုက်ခန်းများကို စပ်တူငှားရမ်းနေထိုင်ကြရကြောင်း ၎င်းက ပြောသည်။

 

ထိုသို့နေထိုင်ရေးအပြင် မြန်မာအများအပြား ရောက်ရှိလာခြင်းကြောင့် စားဝတ်နေရေးမှာလည်း တဖြည်းဖြည်းကြပ်တည်းလာကြောင်း ပညာရေး CDM ၏ မိသားစုဝင်က ပြောသည်။

 

“တကယ့်တကယ်က အစိုးရမီတာကျသင့်တာထက် အိမ်ရှင်တွေက တစ်ဝက်နီးပါး ပိုတောင်းနေတာတွေနဲ့  အခုလောက်ဈေးမတက်သင့်ဘဲ တက်နေရတာက အိမ်ပွဲစားတွေရဲ့ ဖြတ်စားလာဘ်စား လုပ်တာတွေကြောင့်ပါ” ဟု ကိုစိုးနိုင်က ပြောသည်။

 

မြန်မာနိုင်ငံတွင် အာဏာမသိမ်းမီက ထိုင်းနိုင်ငံ မဲဆောက်မြို့၌ အခန်းတစ်ခန်းလျှင် ဘတ် ၁၅၀ဝ သာရှိခဲ့ရာမှ ယခုအခါ ဘတ် ၃၅၀ဝ အထိ နှစ်ဆကျော်မြင့်တက်သကဲ့သို့ စားသောက်ကုန်နှင့် အခြားလူသုံးကုန်ပစ္စည်း ဈေးနှုန်းများသည်လည်း မြင့်တက်လာခဲ့သည်ဟု မဲဆောက်ရောက် မြန်မာများထံမှ သိရသည်။