မြတောင်လမ်းဆုံ စစ်ဆေးရေးဂိတ်အား ဒေသခံ PDF များ တိုက်ခိုက် ၊ စစ်ကူလာသည့် စစ်ကားနှင့် ကင်းပုန်း၀ပ်နေသည့် စစ်တပ်များပါ တိုက်ခိုက်ခံရပြီး သေနတ် ၄ လက်သိမ်းဆည်းရမိ

Author လင်းခိုင်
Categories
Published on Feb 02, 2023

 

ထီးချိုင့်မြို့နယ်၊ မြတောင်လမ်းဆုံ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒေသခံ PDF များကတိုက်ခိုက်ခဲ့ပြီး၊ စစ်ကူလာသည့် စစ်ကားနှင့် ကင်းပုန်း၀ပ်နေသည့် စစ်တပ်များကိုပါ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အထိအခိုက်နှင့် အသေအဆုံးများရှိခဲ့ကာ သေနတ် ၄ လက် သိမ်းဆည်းရမိခဲ့ကြောင်း တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မျက်ပြူးက CJ Platform သို့ပြောကြားသည်။

ဖေဖော်ဝါရီ ၂ ရက် နံနက် ၈ နာရီ၀န်းကျင်ခန့်တွင် မြတောင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို နယ်မြေခံ ပကဖ များနှင့် ကသာခရိုင် တပ်ရင်း ၃ ရင်းပူးပေါင်းကာ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် သပိတ်ကျင်းမြို့နယ် ၇ မိုင်တပ်မှ စစ်ကူလာသည့် စစ်ကား ၂ စီးအား တကောင်းမြို့ ကျွဲကူးကန်တွင် ပဒေသာမိုင်း ၁ လုံးနှင့် ရှေ့ထွက်မိုင်း ၂ လုံးတို့ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

မိုင်းဖြင့် တိုက်ခိုက်ခံရသည့် စစ်ကားနှစ်စီးအနက် တစ်စီးသည် မောင်းမရဘဲပျက်စီးခဲ့ကြောင်း လည်းသိရသည်။

ထို့နောက် မိုင်းဆွဲတိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် နီကယ်စက်ရုံမှ စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သည် သဖန်းချောင်းတံတား အနီးရှိ ငှက်ပျောတောတွင် ကင်းပုန်း၀င်စောင့်ခိုင်းနေစဉ် ယနေ့ နေ့လယ် ၂ နာရီ မိနစ် ၄၀ ၌ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

“စစ်ဆင်ရေးသုံးခုမှာ ဒီကောင်တွေ အနည်းဆုံး နှစ်ယောက်သေတယ်။ အများအပြားဒဏ်ရာရရှိခဲ့တယ်။ ပြီးတော့ သေနတ် လေးလက်လဲသိမ်းဆည်းရမိခဲ့တယ်” ဟု TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်မျက်ပြူးက ပြောကြားသည်။

အထက်ပါ စစ်ဆင်ရေးများကို သပိတ်ကျင်းမြို့နယ် ပကဖ၊ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့နှင့် တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မြတောင်လမ်းဆုံ #တောဆင်ရိုင်းပြောက်ကျား #ဗိုလ်မျက်ပြူး