မြင်းမူလမ်းပိုင်းတွင် ကားများကို တားပြီး ငွေညှစ်သည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ တစ်ဦးသေ

Author  Gold
Categories
Published on Apr 02, 2024

မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာ ဘုန်းကြီးကျောင်းမှထွက်လာသော စစ်ကောင်စီတပ်သည် ရေပိုးစားကျေးရွာကန်အနီး နေရာချကာ လမ်းသွားလမ်းလာကားများကို တားဆီးကာ ငွေကြေးတောင်းခံနေခြင်းကြောင့် ဒေသခံကာကွယ်ရေးတပ်များက ဧပြီ ၁ရက် မွန်းလွဲ ၂နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ  စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း  People’s Defence Force – South Monywa တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ငယ်များ၊ ၆၀မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦး နေရာတွင် လဲကျသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း People’s Defence Force – South Monywa တာဝန်ရှိသူ မှ CJ Platform သို့ပြောသည်။

 

“နတ်ရေကန်နဲ့ ဂွေးပင်တောကြားက ရေပိုးစားကန်နားမှာ စစ်ကောင်စီတစ်ဦးသေဆုံးတာကတော့ မျက်မြင်ပါဗျ ဒဏ်ရာရတာလဲများတယ်”ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

 

ယင်းနောက် စစ်ကောင်စီသည် သေဆုံးအလောင်းနှင့်ဒဏ်ရာရ လူနာများကို ဧပြီလ ၁ ရက် ညနေပိုင်းတွင် လူမှုကူညီရေးကားဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု သိရသည်။

 

ထို့ပြင် မတ် ၂၈ရက် မွန်းလွဲ ၁နာရီခန့်တွင် ဂျန်ပါတပ်ဆင်ထားသော စစ်ကောင်စီကားကို ချောင်းဦး-မြင်း မူလမ်းပိုင်းရှိ ရေပိုးစားနှင့် နတ်ရေကန်ကြားတွင်  People’s Defence Force – South Monywa နှင့်ပူးပေါင်းတပ်များက ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။