မြင်းမူမြို့ ရဲစခန်းနှင့် အထက ၁ တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်များ မကြာခဏ တိုက်ခိုက်ခံရသည့်အတွက် စစ်ကိုင်းဘက်သို့ ထွက်ပြေး

Author လင်းခိုင်
Categories
Published on Feb 02, 2023

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ ရဲစခန်းနှင့် အထက ၁ ကျောင်း၀င်းအတွင်း အထိုင်ချထားသည့် စစ်ကောင်စီတပ်များ မကြာခဏ တိုက်ခိုက်ခံရသည့်အတွက် စစ်ကိုင်းဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြောင်း People’s Army to Fight Dictatorship အဖွဲ့ခေါင်းဆောင် ဗိုလ်တေဇက CJ Platform သို့ပြောကြားသည်။

မြင်းမူမြို့၌ ဒေသခံ ပူးပေါင်းတပ်ဖွဲ့များသည် ဖေဖော်ဝါရီ ၁ ရက် ညနေ ၅နာရီည၂၁ မိနစ် အချိန်က စစ်ကောင်စီအထိုင်ချထားသည့် မြင်းမူမြို့ရဲစခန်းနှင့် အထက ၁ ကျောင်း အတွင်းသို့ ၆၀ မမများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၆၀ မမ ၆ လုံးသည် ရဲစခန်း လိုင်းခန်းများပေါ် ကျရောက် ပေါက်ကွဲခဲ့ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ ပစ်ခတ်လိုက်တဲ့အတွက် ဒီကောင်တွေက ည ၁၂ နာရီကျော်ထိ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီး ပစ်နေတယ်။ ဘေးပတ်၀န်းကျင်က အိမ်တွေ ထိခိုက်မှုတွေရှိတယ်လို့ ကြားတယ်။ ကျွန်တော်တို့ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် သူတို့ရဲ့ လိုင်းခန်းတွေ တော်တော်များများ ပျက်စီးကုန်တယ်။ နောက်တစ်ခုက ခွေးအင်အားတွေက မြင်းမူမြို့ထဲမှာ မနေရဲဘဲ အခြားနေရာကိုထွက်သွားတယ်” ဟု ဗိုလ်တေဇက ပြောကြားသည်။

PDF ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့် တိုက်ခိုက်မှုသည် ရဲလိုင်းခန်းများအပေါ်သို့ ကျရောက်သဖြင့် အထိအခိုက်အသေဆုံးများနိုင်သော်လည်း အရေအတွက် အတိအကျကို သေချာမသိရှိရကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ ဘေးကင်းတယ်။အဲ့ကောင်တွေအင်အားက ၇၀ ကျော်လောက်ရှိတယ်။ သူတို့တွေ ညပိုင်းအထိ ပစ်ခတ်ပြီးတော့ ညောင်ပင်၀န်းဘက်ကို ဆုတ်ခွာသွားတယ်” ဟု ဗိုလ်တေဇကပြောကြားသည်။

အထက်ပါစစ်ဆင်ရေးအား People’s Army to Fight Dictatorship ၊ DK PDF (MMU)၊ People’s Knight Defence Force၊ D.B.B.F တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၃၀ ရက်ကလည်း မြင်းမူမြို့နယ်ရှိ ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့များသည် မြင်းမူမြို့မရဲစခန်းနှင့် အထက၁ ကျောင်းတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်များကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သေးသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

ဓာတ်ပုံ- People’s Army to Fight Dictatorship
#CjPlatform #စစ်ကိုင်းတိုင်း #မြင်းမူမြို့ #ဗိုလ်တေဇ