မြင်းမူမြို့နယ်တွင် တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရပြီး ကိုရင်တပါးအပါအ၀င် ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရ

Author မင်းထက်
Categories
Published on Nov 23, 2023

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မကျီးကန်ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက စစ်ကောင်စီတပ်မှ တိုက်ပွဲမဖြစ်ဘဲ လေကြောင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကိုရင်တစ်ပါးအပါအ၀င် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက  CJ Platform သို့ ပြောသည်။

 

မကျီးကန်ရွာတွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ နိုဝင်ဘာလ ၂၂ရက် နံနက် ၁၁နာရီ ၂၀မိနစ်ခန့်တွင် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့ခြင်းကြောင့် ကိုရင်တစ်ပါးနဲ့ပြည်သူတစ်ဦးသည် ရှပ်ထိဒဏ်ရာရခဲ့ပြီး ကျန်နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးကဆိုသည်။

 

“Mi-35P တိုက်ခိုက်ရေး ရဟတ်ယာဥ်တစ်စီးနဲ့ ဘုန်းကြီးကျောင်း၀င်းထဲကို နေရာအတိအကျနဲ့ လာပစ်တာ။ လေကြောင်းသုံး ရော့ကတ် နဲ့တစ်ခါရယ် ပြီးတော့ပွိုင့် 5 နဲ့တစ်ခါ  ဒီ နှစ်လုံး ပထမအကြိမ်ပစ်တာပြီးတော့ နောက်တစ်ကြိမ်ပြန်လာပြီး ထပ်ပစ်တယ် ပစ်ချိန်က ၁၀ မိနစ် နီးပါးတော့ရှိမယ်” ဟု ဒေသခံကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

 

ထိုသို့ စစ်တပ်က မပစ်ခတ်မီအချိန်တွင် ကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံတွင် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်များနှင့် ရဲဘော်များ အစည်းအဝေးပြုလုပ်နေခဲ့ပြီး ထိုသို့ပစ်ခတ်ခြင်းကြောင့် အထိခိုက်အကျဆုံးမရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

 

“ပစ်တာက ၁၁ ခွဲ၀န်းကျင်လောက်ကပေါ့ ။ ဘုန်းကြီးကျောင်းထဲကိုပစ်တာ  ကျောင်းထဲမှာ PDF အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ အစည်းဝေးလုပ်တာရှိတယ် အဲ့တာကို လာပစ်တာဖြစ်မယ်။ ကိုရင် တစ်ပါးရယ် ကျန်တဲ့ လူလတ်ပိုင်းလူကြီးပိုင်း သုံးယောက်ပေါင်း လေးယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

၂၀၂၃ခုနှစ် ဧပြီလ ၁၁ရက်နေ့ နံနက် ၈နာရီ ၅မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ ရုံးဖွင့်ပွဲတစ်ခုသို့ တော်လှန်ရေးအင်အားစုများအပါအဝင် ပြည်သူများ တက်ရောက်လာစဉ် စစ်ကောင်စီမှ လေကြောင်း အသုံးပြုကာ တိုက်လေယာဉ်များဖြင့် လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် လူဦးရေ (၅၀)ထက်မနည်း သေဆုံးခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။