မြင်းမူမြို့တွင် ကင်းပုန်း၀ပ်နေသည့် စစ်ကောင်စီတပ်သားကို စစ်ကားမှ တိုက်သတ်သွား၊ စစ်ကောင်စီတပ် အချင်းချင်း အပြန်အလှန် ပစ်ခတ်မှုဖြစ်
                
                
စစ်ကိုင်းတိုင်း မြင်းမူမြို့တွင် ကင်းပုန်း၀ပ်နေသည့် စစ်ကောင်စီတပ်သားကို စစ်ကားမှ တိုက်သတ်သဖြင့် စစ်တပ်အချင်းချင်း အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း People’s Army to Fight Dicatorship အဖွဲ့ခေါင်းဆောင် ဗိုလ်တေဇက CJ Platform သို့ပြောကြားသည်။
“မြင်းမူမြို့ပေါ်ကနေပြီးတော့ စစ်ခွေးကားနှစ်စီးအင်အား အပြည့်နဲ့ထွက်လာတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ မိုင်းပွိုင့်ကို ရောက်လာတဲ့အချိန်မှာ မိုင်းဆွဲတယ်။ ရှေ့တစ်စီးက မိုင်းတည့်တည့်ပေါ်ကို ထိသွားပြီး တိုင်ကီ ပေါက်သွားတယ်။ နောက်တစ်စီးက အတင်းမောင်းထွက်သွားတယ်။ အဲ့ဒီနဲ့ မလှမ်းမကမ်းမှာ ကင်းပုန်း၀ပ်နေတဲ့ စစ်သားတွေက အဲ့ဒီမောင်းထွက်တဲ့ စစ်ကားကိုတားတယ်။ တားတဲ့အချိန်မှာ စိတ်ဆိုးဆိုးနဲ့ ၀င်တိုက်တော့ စစ်သားတစ်ဦးသေတယ်။ ပြီးတော့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီး နောက်ထက်တစ်ယောက် သူတို့အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး သေကြတယ်” ဟု ဗိုလ်တေဇက ပြောကြားသည်။
ဇန်နဝါရီ ၉ ရက် နံနက် ၃ နာရိ ၃၆ မိနစ်တွင် မြင်းမူမြို့မှ မုံရွာဘက်သို့ ထွက်ခွာလာသည့် စစ်ကားနှစ်စီးကို PDF ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ တိုက်ခိုက်မှုတွင်လည်း ကားဆီတိုင်ကီပေါက်ကွဲမှုကြောင့် စစ်ကောင်စီကားတစ်စီးသည် လုံး၀ပျက်စီးကာ စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ကားနှစ်စီးဖြင့် မြင်းမူမြို့သို့ ပြန်လည်သယ်ဆောင်ခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့ မိုင်းဆွဲတာ ၀င်းပြည့်ရွာနဲ့ အလက္ကပ္ပရွာကြားမှာဆွဲတာ၊ သူတို့အချင်းချင်းပစ်ခတ်မှုဖြစ်တာက အဲ့ဒီအနောက်နားကရွာမှာဖြစ်တာ၊ အဲ့ဒီနားမှာ သူတို့ အထိုင်ကင်းပုန်းရှိတဲ့နေရာကို မောင်းသွားပြီး အချင်းချင်းဘယ်လိုစကားများပြီး ပစ်ခတ်ကြတာလဲတော့ မသိဘူး” ဟု ဗိုလ်တေဇကပြောကြားသည်။
စစ်ကိုင်း-မုံရွာ မြင်းမူ လမ်းပိုင်းတွင် စစ်ကောင်စီ၏ တပ်မ ၃၃ စစ်ကားများကို ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့များမှ မကြာခဏ မိုင်းဆွဲတိုက်ခိုက်မှုများပြုလုပ်လေ့ရှိပြီး၊ ယနေ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားအချင်းချင်း အငြင်းပွားမှုများဖြစ်ကာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
ယနေ့မြင်းမူမြို့တွင် စစ်ကောင်စီကား နှစ်စီး မိုင်းဆွဲတိုက်ခိုက်မှုကို People’s Army to Fight Dictatorship၊ People’s Knight Defense Force Myinmu ၊ Taungtha People Defence Force၊ D.B.B.F MMU မဟာမိတ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
ဓာတ်ပုံ- People’s Army to Fight Dicatorship
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #မြင်းမူမြို့
