မြင်းခြံမြို့အထွက်တွင် စစ်ကောင်စီကားကို တိုက်ခိုက်၊ ကားပေါ်ပါသူ စစ်ဗိုလ်တစ်ဦးအပါအဝင် ခြောက်ဦးလုံးသေဆုံး

Author မင်းထက်
Categories
Published on Mar 12, 2024

မန္တလေးတိုင်း၊ မြင်းခြံမြို့မှထွက်လာသော စစ်ကောင်စီကားတစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်တစ်ဦးအပါဝင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ယမန်နေ့ မတ်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က မြင်းခြံမြို့မှထွက်လာသော စစ်ကောင်စီကားတစ်စီးကို မြို့အထွက်တွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ကားပေါ်တွင်ပါလာသည့် စစ်ကောင်စီတပ်သား ခြောက်ဦးစလုံးသေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။

 

“သတင်းအရ ကြိုတင်စောင့်ဆိုင်းပစ်ခတ်ခဲ့တာပါ။ အိမ်စီးကား Toyota Kluger အမျိုးအစားဖြစ်ပါတယ်။ တစ်စီးလုံးမှာ ခြောက်ယောက်ပဲပါပါတယ်။ ဗိုလ်အဆင့် တစ်ဦးပါဝင်တယ်လို့ သိရပါတယ်။ ဘာအတွက်ထွက်လာသလဲဆိုတာတော့ ဒေသတွင်းတပ်ဖွဲ့တွေရဲ့ သတင်းပို့မှုမှာ မပါဝင်တော့ ကျွန်တော်တို့လည်း ဖြေကြားနိုင်ခြင်းမရှိပါခင်ဗျာ” ဟု ၎င်းက ပြောသည်။

 

ထိုသို့တိုက်ခိုက်ခံရမှုကြောင့် ယမန်နေ့ ညပိုင်းတွင် အခင်းဖြစ်ပွားရာ အနီးတဝိုက်တွင် စစ်ကြောင်းထိုး မွှေနှောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

 

ယင်းတိုက်ခိုက်မှုကို အမှတ် ၈၁၅ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တပ်ဖွဲ့(အနောက်မြောက်စစ်ဒေသ)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့(PLA) စုပေါင်းအင်အားနှင့် မြင်းခြံ 35 တပ်ဖွဲ့၊ BGF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

 

အထက်ပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများထံမှ MA1 တစ်လက်၊ MA2 တစ်လက်၊ MA3 တစ်လက်၊ G3 နှစ်လက်၊ Type 81 တစ်လက် ၊ MA5 တစ်လက်၊ 5.56 ကျည် ၉၆ တောင့်၊ 7.62 ကျည် ၈၄ တောင့်၊ G3 ကျည် ၁၃၅ တောင့်၊ MA ကျည်ဘောက် ၄ ဘောက်၊ G3 ကျည်ဘောက် ၆ ဘောက်၊ Type 81 ကျည်ဘောက် နှစ်ဘောက်၊ MA5 ကျည်ဘောက် တစ်ဘောက်၊ ဖုန်း ၄ လုံး၊ ပါဝါဘန့်ခ် တစ်လုံး၊ စကားပြောစက် တစ်လုံးနှင့် ငွေကျပ် ငါးထောင်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း PLA ထံမှ သိရသည်။