မြင်းခြံမြို့ရှိ ဝိန့်ဆန်းရွှေဆိုင် ဓားပြတိုက်ခံရ

Author CJ Platform
Categories
Published on Aug 28, 2022

🖋အောင်နိူင်သူ
မြင်းခြံမြို့နယ် အမှတ် ၈ရပ်ကွက် စည်ပင်သာယာဈေးကြီးရှိ ဝိန့်ဆန်းရွှေဆိုင်တွင် ယနေ့ နေ့လယ်ပိုင်းက ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝိန့်ဆန်းရွှေဆိုင်ကို ယနေ့ နေ့လယ်ပိုင်းက အမည်မသိအမျိုးသားလေးဦးက သေနတ်ဖြင့် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းများကို ခြိမ်းခြောက်ပြီး ရွှေတွေယူသွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“ဆိုင်ထဲကို သုံးဦး ဝင်လာပြီး ဝန်ထမ်းတွေကို လက်မြှောက်ခိုင်းထားပြီး ရွှေတွေယူသွားတာ အပြင်က တစ်ယောက်ကစောင့်နေတာ”ဟု ပြောသည်။
ဝိန့်စိန်းရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်သိန်းသုံးထောင်နီးပါးပါသွားသည်ဟု မြို့ခံတွေ၏ ပြောပြချက်အရ သိရပြီး CJ Platform အနေဖြင့် သီးခြားအတည်ပြုနိူင်ခြင်းမရှိပေ။
ဓားပြတိုက်ခံရသည့် ကိစ္စနှင့်ပါတ်သတ်ပြီး ဝိန့်ဆန်းရွှေဆိုင်ကို CJ Platform မှဖုန်းဖြင့်ဆက်သွယ်ခဲ့ရာတွင်လည်း ဆက်သွယ်၍မရပေ။
လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်များက စည်ပင်ယာယာစျေးကြီးတဝိုက်မှာ ဆိုင်ကယ်နှင့်ကားများကို ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်လတွေက ရွှေဆိုင်လေးဆိုင်ထပ်မနည်း ဓါးပြတိုက်ခံရမှုများဖြစ်ပွားခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။