မြင်းခြံမြို့နယ် စခန်းသိမ်းတိုက်ပွဲ ဝေဟင်စစ်ဆင်ရေးတွင် စစ်သား ၁၀ ဦး ပြင်းထန်ဒဏ်ရာရ
မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့နယ် ၊ ကိုင်းကျေးရွာ စစ်ကောင်စီတပ်စခန်း စခန်းသိမ်း တိုက်ပွဲတွင် ရေကြောင်းမှ စစ်ကူရန်လာသော စစ်ကောင်စီယာဥ်အား ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြောင်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့မှ CJ Platform သို့ ပြောသည်။
မြင်းခြံမြို့နယ်အတွင်း နို၀င်ဘာလ ၁၆ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန်တွင် စစ်ဆင်ရေး ၂ ရပ် လုပ်ဆောင်ခဲ့ကြောင်း၊ ကိုင်းကျေးရွာ စစ်ကောင်စီစခန်းအား သိမ်းပိုက်နေစဥ် ဆီးမီးခုံရေနက်ဆိပ်ကမ်းမှ စစ်သင်္ဘောနှင့် ရေကြောင်းစစ်ကူများကို Shar Htoo Waw နည်းပညာသုံး Fixed Wings Drone များဖြင့် ဗုံးသီး ၁၀ လုံး တရစပ်ကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများအနီး တစ်လုံး နှင့် သင်္ဘောပေါ်သို့ တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရခဲ့ပြီး စစ်ကူသွားရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။
“စစ်သင်္ဘောက အထိုင်လုပ်ပြီး ပြည်သူတွေကို ပစ်နေတဲ့ သင်္ဘောပါ ၊ သင်္ဘောပေါ်မှာ ၁၀ ကောင်ကျော် ၀န်းကျင်ရှိပါတယ်” ဟု CDSOM မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၁၀ ဦးကျော် ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်သားများမှာ ထိခိုက်မှုမရှိခဲ့သော်လည်း Fixed Wings Drone တစ်စင်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
မြေပြင်နှင် ဝေဟင် စစ်ဆင်ရေး ၂ ရပ်လုံး အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ကိုင်းကျေးရွာတပ်စခန်းအား မြင်းခြံအမှတ် ၂ တပ်ရင်းမှူး ကိုသကြား ဦးဆောင်ကာ စခန်းအား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး ထိုစခန်းသိမ်းပွဲမှ MAI တစ်လက် ၊ ၅ဒဿမ၅၆ ကျည် ၇၀၀ ကျော် ၊ စစ်သုံးပစ္စည်းများနှင့် စစ်သုံ့ပန်းတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆင်ရေး ၂ ရပ်လုံးတွင် မြင်းခြံခရိုင်အမှတ် ၁ ၊ ၂ ၊ ၃ ( တပ်ခွဲ ၁၊ ၃၊ ၄) ၊ အမှတ် ၈ တပ်ရင်း ၊ ညောင်ဦးခရိုင် ပကဖ၊ မြင်းခြံခရိုင် ပကဖ ၊ Burmese Guerrilla Force ၊ MGN 35 ၊ LACR (Myingyan) ၊ 8 Stars LPDF (Myingyan) ၊ Anyar Federal Task Force ၊ ကျေးရွာတပ်ပေါင်းစု – မြောင် ၊ Mp9 Brothers LPDF ၊ Freedom Fighter Guerrilla Force၊ Myingyam District Drone Strike (အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ )၊ CDSOM 001 ဒရုန်းတပ်ဖွဲ့ ၊ မြောင်မြို့နယ် ပလဖ ၊ ၀ရဇိန် လက်နက်ထုတ်လုပ်ရေးနှင့် တိုက်ခိုက်ရေးအဖွဲ့(မြောင်)တို့မှ စစ်ဆင်ရေးတွင် ပါ၀င်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။