မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက် စစ်သား သုံးဦးသေဆုံး

Author မင်းထက်
Categories
Published on Nov 25, 2023

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းသို့ ၀င်ရောက်လာသော စစ်ကောင်စီကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT) တာ၀န်ခံ ဗိုလ်မိုက်ခဲက CJ Platform သို့ ပြောသည်။

 

နိုဝင်ဘာလ ၂၄ရက် နံနက် ၇ နာရီဝန်းကျင်တွင် မြင်ခြံမြို့မှ ခြေဆေးကျေးရွာသို့ အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီကားတစ်စီးအား ကွမ်းစိုက်ရွာနှင့် ခြေဆေးရွာအကြား၌ Myingyan Black Tiger (MBT)မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။၎င်း မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား သုံးဦး သေဆုံးပြီး၊ သုံးဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရသည်။

 

“မိုင်းကတော့ အကြီးစားတစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်။မိုင်းဆွဲ တိုက်ခိုက်ရာမှာ သုံးယောက်ကတော့ ကားပေါ်မှာတင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ သုံးယောက်ကတော့ မြင်းခြံပြည်သူ့ဆေးရုံးကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ လက်ရှိသိထားရပါတယ်” ဟု MBT တာ၀န်ခံ ဗိုလ်မိုက်ခဲက ပြောသည်။

 

မိုက်ဆွဲတိုက်ခိုက်မှု အပြီးတွင် စစ်ကောင်စီတပ်သားများက ဘေးပတ်ဝန်းကျင် နေရာအနှံသို့ ရမ်းသန်းပစ်ခတ်ကာ ခြေဆေးရွာဘက်သို့ မသွားတော့ဘဲ မြင်းခြံဘက်သို့ ပြန်လည်ထွတ်ခွာသွားခဲ့ကြောင်း၊ ၎င်းတိုက်ခိုက်မှုအား  Myingyan Black Tiger (MBT)နှင့် အတူ Natogyi Regional Defence Force (NRDF)မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် နို၀င်ဘာလ ၂၄ ရက်နေ့  နေ့လယ် ၂ နာရီ၀န်းကျင်တွင် မကွေးတိုင်းဒေသကြီး ၊ရေစကြိုမြို့ ၊ရုံးပေါင်းစုံ(ထွေအုပ်ရုံး)တွင် တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်သားများအား   Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ပြောက်ကြားနည်းဗျူဟာအား အသုံးပြု၍ ရန်သူစခန်းအနီးသို့ ကပ်ကာ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

၄င်းတိုက်ခိုက်မှုတွင်  ၄၀ မမ တစ်လုံးမှာ ရန်သူ့စခန်းအတွင်း   ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ ဒဏ်ရာရတပ်သားများအား ပျူစောထီးခေါင်းဆောင် မောင်မြင့်၏ ဂျစ်ကားဖြင့် ရေစကြိုပြည်သူ့ဆေးရုံကြီးသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

 

တိုက်ပွဲအပြီးတွင် စစ်ကောင်စီ ရုံးပေါင်းစုံ (ထွေအုပ်ရုံး) အတွင်းမှ လက်နက်ကြီး ၆၀ မမ များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ၎င်းတိုက်ခိုက်မှုကို  MBTနှင့်အတူ YSO TPG မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။