မြင်းခြံမြို့တွင် စစ်တပ်နှင့် ပျူစောထီးများ ဖမ်းဆီးသွားသည့် ဒေသခံခြောက်ဦး အသတ်ခံရ

Author လင်းခိုင်
Categories
Published on Dec 14, 2022

 

မြင်းခြံမြို့တွင် စစ်တပ်နှင့် ပျူစောထီးများ ဖမ်းဆီးသွားသည့် ဒေသခံခြောက်ဦး ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရကြောင်း မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက ယနေ့တွင် ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၉ ရက်က စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ရွာသစ်ရွာရှိ ကိုအောင်နိုင်၀င်း၊ ကိုဇော်နိုင်အပါအ၀င် ရွာသား ခြောက်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ဒီဇင်ဘာ ၁၃ ရက် ကတွင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ရက်စက်စွာ သတ်ဖြတ်ပြီးနောက် မြင်းခြံမြို့နယ်၊ ကံရွာ(ခေါင်းကွဲ)မြောက်ဖက် တံသားသစ်အနီးတွင် အလောင်း နှစ်လောင်း၊ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အစပ် သင်ပြွန်းလမ်းခွဲအနီးတွင် အလောင်းနှစ်လောင်း၊ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ် အစပ် ရွာကြီးရွာအနောက်ဖက် သူကြီးကန်အနီးတွင် အလောင်းနှစ်လောင်း တို့ကို သီးခြားစီစွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်များသည် ဒီဇင်ဘာ ၆ ရက်တွင်လည်း ရွာသစ်ရွာကို၀င်ရောက်ပြီး ပိတ်ဆို့စစ်ဆေးကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခုကဲ့သို့ ရွာသစ်ရွာကို မီးရှို့ဖျက်ဆီးပြီး၊ ဒေသခံ ပြည်သူများကို သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်များသည် တပ်မ ၈၈ မှ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- မြင်းခြံလူထု လှုပ်ရှားမှုကော်မတီ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မြင်းခြံ #ပျူစောထီး