မြင်းခြံနှင့် နွားထိုးကြီးတို့တွင် လှည့်လည်စစ်ကြောင်းထိုး၊ မီးရှို့နေသော စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်၊ ၁၀ ဦးသေဆုံး

Author မင်းထက်
Categories
Published on Mar 18, 2024

မန္တလေးတိုင်း၊ မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်တို့ရှိ ကျေးရွာများကို လှည့်လည်စစ်ကြောင်းထိုး၊ မီးရှို့နေသော စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်း Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက CJ Platform သို့ပြောသည်။

“တိုက်ပွဲဖြစ်ပွားခဲ့တာက နနွင်းတော်ဘို့ရွာနဲ့ ကန်ရွာအကြားထဲမှာပါ။ သတင်းကြိုရလို့ သွားခဲ့တာပါ။ စကစဘက်ကလည်းအလာ၊ ကွန်တော်တို့လည်းအလာ ခြေတစ်လှမ်းဦးအောင်သွားပြီး စောင့်ကြိုတိုက်ခိုက်ခဲ့တာ” ဟု ၎င်းက ပြောသည်။

ယင်းစစ်ကြောင်းတွင် စစ်သားနှင့် ပျူစောထီးပူးပေါင်းအင်အား ၆၀ ခန့်ရှိပြီး ဒေသခံကာကွယ်ရေးတပ်များက မတ်လ ၁၄ ရက်က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယင်းစစ်ကြောင်းသည် မတ် ၁၂ နှင့် ၁၃ ရက်တို့က မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်တို့ရှိ မကျီးစု၊ သင်ပြွန်း၊ ဆိတ်ကုန်း၊ ပျိုးကန်နှင့် ကန်စွယ်ကျေးရွာတို့တွင် အရပ်သားနေအိမ်များကို စစ်ကြောင်းထိုး မီးရှို့ပြီးနောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Related News

Depend on news