မြင်းခြံထောင်သို့ ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဥ်းသားများအား ထောင်အာဏာပိုင်များက ဖိနှိပ်မှုများ လုပ်ဆောင်နေ

Author ခေတ်နီ
Categories
Published on Oct 21, 2022

ပခုက္ကူအကျဥ်းထောင်နှင့် မန္တလေးအိုးဘိုးထောင်မှ မြင်းခြံထောင်သို့ ပြောင်းရွှေ့ခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအား အကျဥ်းထောင် အာဏာပိုင် များက ရိုက်နှက်ဖိနှိပ်မှုများ လုပ်ဆောင်နေကြောင်း မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီက ထုတ်ပြန် ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ နေ့တွင် ပခုက္ကူအကျဥ်းထောင်မှ မြင်းခြံအကျဥ်းထောင်သို့ ရွှေ့ပြောင်းခံရသည့် နိုင်ငံရေးအကျဥ်းသား ( ၇၅ ) ဦးအထဲမှ နိုင်ငံရေးအကျဥ်းသားတစ်ဦးဖြစ်သူ ကိုနေလင်းအောင်အား ပုဆိုးလှန်၍ ယားနာကုတ်သည်ဟူသည့် အ ကြောင်းပြချက်ဖြင့် အိပ်ဆောင် ၂ အဆောင်မှူး စိုးထက်လွင်မှ ဦးခေါင်းကို ဝါးရင်းတုတ်ဖြင့် ရိုက်နှိက်ခဲ့ပြီး သံခြေကျင်းကြောင့် လဲကျသွားချိန်တွင် အပေါ်မှ ခြေထောက်ဖြင့် တက်နင်းပြီး ဦးခေါင်းနှင့် မျက်နှာအား ထိုးကြိတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာလ ၇ရက်နေ့မှာလဲ မန္တလေး အိုးဘိုထောင်မှ မြင်းခြံထောင်သို့ ရွှေ့ပြောင်းခံရသည့် နိုင်ငံရေးအကျဥ်သား ၁၅၀ ခန့်သည်လဲ မြင်းခြံထောင်တွင် သံခြေကျင်းများ ဖြုတ်မပေးဘဲ နေ့တွင် အလုပ်ကြမ်းများ ပြုလုပ်ခိုင်းခဲ့ခြင်းများ လုပ်ဆောင် ခဲ့သောကြောင့် နိုင်ငံရေးအကျဥ်းသားများနှင့် အ ဆောင် ၂ ခေတ္တအဆောင်မှူးဖြစ်သူ ၄၄၀၃နှင့် လထကြီးကြပ်ရေးမှူး စိုးထက်လွင်တို့ အခြေအတင် စကားများခဲ့မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

မြင်းခြံထောင်အတွင်း နိုင်ငံရေးအကျဥ်းသားများအား အကြောင်းအမျိုးမျိုးပြပြီး အလုပ်ကြမ်းများ ခိုင်းစေလျက်ရှိနေပြီး ရိုက်နှက်မှုများလဲ လုပ်ဆောင် လျက်ရှိနေကြောင်း မုံရွာလူထုသပိတ် ဦးဆောင် ကော်မတီ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုနည်းတူ ရန်ကုန်အင်းစိန်ထောင် ၊မန္တလေးအိုးဘိုထောင်နှင့် ပခုက္ကူထောင်အပါအဝင် နိုင်ငံအတွင်းမှာ ရှိသည့် အကျဥ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဥ်းသားများကို ထောင်အာဏာပိုင်များက အကြမ်းဖက်ဖိနှိပ်မှုများရှိနေပြီး အကြောင်းအမျိုးမျိုးပြကာတိုက်ပိတ်ရိုက်နှက်ခြင်းများကြောင့် အသက်အန္တရာယ် စိုးရိမ် နေရသူများလဲရှိကာ သေဆုံးခဲ့သူများလဲရှိခဲ့သည်။