မြင်းခြံထောင်ရှိ နိုင်ငံရေးအကျဉ်းသူများ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများစွာ ခံနေကြရ

Author ကေဇက် ၊ ဂျွန်နသန်
Categories
Published on Feb 11, 2024

မန္တလေးတိုင်း ၊မြင်းခြံ ဗဟိုအကျဉ်းထောင်တွင် ၂၀၂၃ခုနှစ် ဇွန်လခန့်မှ စတင်၍ နိုင်ငံရေးအကျဉ်းသူများကို အသစ်ပြောင်းရွေ့လာသည့် အကျဉ်းထောင်အရာရှိ ဒေါ်ဇင်မာဦးမှ  ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုဒဏ်များ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက် (PPN Myanmar)မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်ဖြစ်သူ ကိုသိုက်ထွန်းဦးထံမှ သိရှိရသည်။

 

အကျဉ်းထောင်အရာရှိ ဒေါ်ဇင်မာဦးသည် ရာထူးအဆင့် ၂ ပွင့် ရှိပြီး ရခိုင်ပြည်နယ် ရဲဘက်စခန်းမှ မြင်းခြံထောင်သို့ ပြောင်းလာခြင်းဖြစ်ကာ နိုင်ငံရေးအကျဉ်းသူများကို အမျိုးသမီးအချင်းချင်းပင် မကြားဝံ့သည့် စကားလုံးများ အသုံးပြုကာ နေ့စဉ်ဆဲဆို ကြိမ်းမောင်းမှုများ လုပ်ဆောင်နေ‌ကြောင်း စုံစမ်းသိရှိရသည်။

 

ထို့အပြင် နိုင်ငံရေးအကျဉ်းသူများကို တောင်ယာစိုက်ခင်းများ၌ လုပ်‌ဆောင်ခိုင်းခြင်း ၊ချည်ထိုးရခြင်းများအပြင် ထောင်အာဏာပိုင်များ၏ စီးပွားဖြစ်လုပ်ကိုင်နေသည့် အကျဉ်းထောင်တွင်း ကွမ်းယာရောင်းသည့် လုပ်ငန်းအတွက် နံနက်(၇)နာရီ တန်းဖွင့်ချိန် မတိုင်မီ နံနက်(၅)နာရီခန့်မှပင် အိပ်ယာထရကာ  ကွမ်းယာထုပ်များကို သတ်မှတ်အရေအတွက် ပြည့်မီအောင် ယာပေးရခြင်းများရှိသလို အချို့နိုင်ကျဉ်းများကို ဘာယာစောင့်ခိုင်းခြင်း(ညပိုင်းလုံခြုံရေး)နှင့် ထမင်းပုံးထမ်းခိုင်းခြင်းများ လုပ်ဆောင်ခိုင်းနေကြောင်းကို PPN Myanmar ၏ လူမှုကွန်ရက်စာမျက်နှာ‌တွင် ဖော်ပြထားချက်အရ သိရသည်။

 

“ဒေါ်ဇင်မာဦးက ဦးစီးအရာရှိတွေကိုပါ ပြန်ပြီးမှ command ( အမိန့်/ညွှန်ကြားချက် )ပေးနေတဲ့အထဲမှာ ပါတယ်ပေါ့နော် ၊အဲ့လောက်ထိကို power(စွမ်းဆောင်နိုင်မှု )အားကြီးတယ်၊ တုတ်ကိုင်ပြီး ကိုယ်တိုင်ရိုက်နှက်မယ်လို့ အမြဲခြိမ်းခြောက်တာမျိုး ရှိတယ်”ဟု PPN Myanmar မှကိုသိုက်ထွန်းဦးက CJ Platform သို့‌‌ ပြောပါသည်။

 

အကျဉ်းထောင်အရာရှိ ဒေါ်ဇင်မာဦး ၏ ညွှန်ကြားချက်ဖြင့် (၁)ပွင့်အရာရှိ ဒေါ်မေစိုးအေး နှင့်တပ်ကြပ် ဒေါ်နုနုမာတို့သည်လည်း နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများအားလုံး ထောင်မှ ခိုင်းသည့် အလုပ်များကို မဖြစ်မနေလုပ်ကြရမည်ဟုဆိုကာ အသက်(၆၀) အရွယ် အ‌မေအိုများကိုပင် မချန်ပဲ အလုပ်ကြမ်းခိုင်းစေမှု များရှိနေကြောင်း PPN Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

လက်ရှိ မြင်းခြံအကျဉ်းထောင်၏ ဈေးဘားတွင် ရောင်းချနေသည့် ကုန်ပစ္စည်းနှင့် အစားအသောက် ဈေးနှုန်းများမှာလည်း မတန်တဆဈေးများ ဖြစ်နေပြီး အကျဉ်းသားများအနေဖြင့် အကျဉ်းထောင်တွင်း ကျွေးမွေးမှုများမှာ အင်မတန်ညံ့ဖျင်းလွန်းသဖြင့် ထောင်တွင်းဈေးဘားမှသာ သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူ စားသောက်နေရကြောင်း မြင်ခြံထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးထံမှ သိရသည်။

 

” သောက်ရေက ရေသန့်စက်ကထုတ်တယ်လို့တော့ သိရတာပဲ အဆောင်ရှေ့လှည့်ပြီးလာပေးတာ၊ ကိုယ်တိုင်သွားမခတ်ရတော့မသိဘူး ရေက သောက်ရတာ အပြင်ရေနဲ့မတူဘူး အရသာတစ်မျိုးကို ဖြစ်နေတာ၊ ချိုးရေကျပြန်တော့လည်း တနေကုန်နေပူထဲထားတာ ရေညှိတွေနဲ့ပဲ ရေညှိဖယ်ပြီး ချိုးရတာပေါ့၊ ရေမကောင်းဘူးပဲ ပြောရမှာပဲ ဘယ်လိုမှအဆင်မပြေဘူး” ဟု မြင်းခြံထောင်မှ ပြန်လွတ်လာသူတစ်ဦးမှ CJ Platform သို့ ပြောသည်။

 

မြင်းခြံထောင်တွင် သောက်သုံးရေများ၌ ခဲဓါတ်ပါဝင်ခြင်း ချိုးရေမလုံလောက်ခြင်းများ  ကျန်းမာရေးစောင့်‌ရှောက်မှု ညံ့ဖျင်းခြင်းများရှိသဖြင့် အကျဉ်းသားများတွင် ယားနာများပေါက်ခြင်း ဝမ်းရောဂါများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရှိရပြီး လူအခွင့်အရေးချိုးဖောက်မှုတွင် စတုတ္ထမြောက် အကျဉ်းထောင်ဖြစ်ကြောင်း PPN Myanmar မှဆိုသည်။

 

ပြည်သူများ တော်လှန်ရေး၏ အချို့ကဏ္ဍများအပေါ် အာရုံစိုက်နေသဖြင့် အကျဉ်းထောင်များအပေါ်၌ အာရုံစိုက်မှုနည်းသည်အထင်ဖြင့် အကျဉ်းထောင်များမှ အထက်ညွှန်ကြားချက်များချကာ လူမသိသူမသိ ဖိနှိပ်မှုများပိုမို ကျူးလွန်လာကြောင်း၊စစ်ကောင်စီအနေဖြင့် အကျဉ်းသားများအပေါ် လူသားတစ်ဦးကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အကျဉ်းသားအခွင့်ရေး အပြည့်ဝပေးရန် ပြောလိုကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးမှ CJ Platform အားထပ်မံပြောကြားသည်။

 

မြင်းခြံထောင်သည် ၂၀၂၃ခုနှစ် မေလအတွင်း နိုင်ငံရေးအကျဉ်းသား (၁၃)ဦး အား မြင်းခြံ ခမရ(၁၅)တပ်ထဲသို့ ဥပဒေမဲ့ ခေါ်ဆောင်ပြီး စစ်ကြောရေးစခန်း၌ နိုင်ငံရေးအကျဉ်းသားများကို လူမဆန်စွာ ဓားဖြင့်မွှန်းခြင်း၊ ရှော့တိုက်ခြင်း၊ သံတုတ်များဖြင့် ရိုက်နက်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် အမည်ဆိုးဖြင့် ကျော်ကြားသည့် အကျဉ်းထောင်တစ်ခုဖြစ်သည်။