မြင်းခြံထောင်တွင် လူငယ်နိုင်/ကျဉ်းတစ်ဦး ထောင်မှူးနှင့် ဝန်ထမ်းများဝိုင်းရိုက်၍ သေဆုံး

Author လဂွန်းအိမ်
Categories
Published on Apr 06, 2024

မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်တွင် အသက်(၂၂)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ထောင်ဦးစီးမှူးဦးဆောင်၍ ထောင်ဝန်ထမ်းများဝိုင်းဝန်းရိုက်နှက်ခဲ့ပြီးနောက် ငါးရက်အကြာတွင် သေဆုံးသွားကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။

 

မြင်းခြံထောင်အတွင်း ပြီးခဲ့သည့် မတ်လ (၁၂) ရက်နေ့ကဖြစ်ပွားခဲ့သည့် ရန်ပွဲကို ထောင်ဦးစီးမှူး ဝင်းနိုင်စိုးနှင့် ဝန်ထမ်းငယ်များက ဝင်ရောက်ရိုက်နှက်ခဲ့ပြီးနောက် ရန်ဖြစ်သူသုံးဦးကိုတိုက်ပိတ်ခဲ့သည်။ ၎င်းတို့အနက် ကိုနိုင်ဝင်းထွန်း(ခ)ဖားပြုတ်ကြီးသည် ရိုက်နှက်ခံရပြီးနောက် ငါးရက်အကြာ မတ်လ (၁၇) ရက်နေ့တွင် တိုက်ထဲတွင် သေဆုံးသွားကြောင်း PPNM ထံမှ စုံစမ်းသိရှိရသည်။

 

“ဝိုင်းရိုက်တာကတော့ ဝန်ထမ်းတွေပဲ။ ဦးစီးမှုးဦးဆောင်ပြီး ရိုက်တယ်။ ဒီလောက်တော့ သိရတယ်ပေါ့နော်။ ဒါပေမဲ့ ခေါ်ထုတ်ရိုက်တဲ့အချိန်က လူမြင်ကွင်းမှာမဟုတ်တဲ့အတွက်ကတော့ ဘယ်လောက်ထိဒဏ်ရာဆိုးလဲမသိရဘူး။ ဒါပေမဲ့ တော်တော်ဆိုးဝါးလို့သာလျှင် ဒီလိုမျိုးတိုက်ထဲပိတ်တဲ့အချိန်မှာ သေဆုံးသွားတာဖြစ်တယ်” ဟု PPNM ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သည့် ကိုသိုက်ထွန်းဦးက CJ Platform သို့ပြောသည်။

 

ခိုက်ရန်ဖြစ်ပွားသူသုံးဦးသည် အချင်းချင်းစကားများရန်ဖြစ်ခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရာကြောင့် ရန်ဖြစ်ခဲ့ခြင်းကိုမူ မသိရှိကြောင်း ၎င်းက ဆိုသည်။

 

သေဆုံးသူလူငယ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရပြီး အကြမ်းဖက်ပုဒ်မတပ်၍ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ထောင်ဒဏ်အနှစ်(၂၀)ချမှတ်ခံခဲ့ရသည်။ ထို့နောက် အင်းစိန်ထောင်မှ မြင်းခြံဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ခြင်းခံခဲ့ရသည်။

 

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ထောင်အာဏာပိုင်များဘက်က ကျောက်ကပ်ရောဂါနှင့် နှလုံးရောဂါကြောင့်သေဆုံးခဲ့သည်ဟု ပြန်လည်ရှင်းလင်းခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် ကော်မတီဝင်က ဆိုသည်။

 

“ပုံမှန်ဆိုရင် သူက တောင်ယာမှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ဖြစ်တယ်။ အသက်အရွယ်ငယ်သေးတယ်။ အင်းစိန်မှာ သူအမိန့်နှစ်ကြီးကျတဲ့အတွက် ထောင်ပြောင်းပါလာတော့ ကျွန်တော်တို့မြင်းခြံရဲ့အဆောင်( ၂)မှာနေထိုင်ပြီးမှ တောင်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့သူဖြစ်တယ်ပေါ့နော်။ ဒီလိုမျိုးကျန်းကျန်းမာမာရှိနေတဲ့သူတစ်ယောက်က အခုလိုမျိုး၊ ဒီလိုမျိုးသေဆုံးတာက ရောဂါနဲ့ဆိုတာ လုံးဝယုတ္တိမရှိဘူး” ဟု ကိုသိုက်ထွန်းဦးက ဆက်လက်ပြောဆိုသည်။

 

မြန်မာနိုင်ငံတစ်ဝှမ်း၌ မတ်လအတွင်း အကျဉ်းထောင်အတွင်းနှင့် အပြင်ခေါ်ထုတ်သတ်ဖြတ်ခံရသူ လေးဦးအထိရှိပြီဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။

 

တစ်နိုင်ငံလုံးတွင် ဖမ်းဆီးခံရသူ စုစုပေါင်း (၂၀,၃၁၀) ရှိလာပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကလည်း ဧပြီလ (၅) ရက်နေ့တွင် ထုတ်ပြန်ထားသည်။