မြကုန်းကျေးရွာရှိ နေအိမ် ၂၀နီးပါးအား စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးကာ PDF တစ်ဦးနှင့် ပြည်သူတစ်ဦးအား သတ်ဖြတ်သွား

Author မင်းထက်
Categories
Published on Dec 02, 2023

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် မြကုန်းကျေးရွာရှိ ပြည်သူများ နေအိမ် ၁၈လုံးအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးကား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူတစ်ဦးအား သတ်ဖြတ်သွားကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီခွဲခန့်က ပုလဲမြို့ဘက်မှ အင်အား ၅၀ ကျော်ပါ ကင်းလှည့်ထွက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့်  တော်လှန်ရေးအင်အားစုများအကြား ပုလဲမြို့နှင့် မြကုန်းကျေးရွာအနီးတွင် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း၊  စစ်တပ်က နံနက်၁၀နာရီခွဲခန့်တွင်  နမခမှ mi 35 ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ကူခဲ့ကြောင်း သိရသည်။

 

“စကစ အဖွဲ့က မြကုန်းကျေးရွာထဲက နေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီးသွားသေးတယ်။ ဒီမနက် နယ်မြေရှင်းလင်းရေးလုပ်တော့ အလောင်း ၂ လောင်းတွေ့ရတယ်။ရဲဘော်တစ်ဦးနဲ့ ပြည်သူတစ်ဦးပါ။ စကစ အဖွဲ့ကတော့ မနေ့ကတည်းက ပြန်ထွက်သွားပါပြီ” ဟု  ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

မြကုန်းကျေးရွာသည် အိမ်ခြေ ၁၈၀ ကျော်ရှိပြီး လူဦးရေ ၇၀၀ နီးပါး နေထိုင်ကာ တိုက်ပွဲကြောင့် ရွာလုံးကျွတ် ထွက်ပြေးသွားရပြီး ယနေ့ ဒီဇင်ဘာ ၂ ရက်နေ့တွင် ဒေသခံ အနည်းငယ်မှာ ရွာအတွင်းသို့ ပြန်လည်ဝင်ရောက် နေထိုင်နေပြီဖြစ်ကြောင်း သိရသည်။

 

၄င်း မြကုန်းကျေးရွာအနီး ထိတွေ့တိုက်ပွဲတွင် လာရောက်ပစ်ခတ်ခဲ့သည့် ရဟတ်ယာဉ်သည် မင်းတိုင်ပင်ကျေးရွာ ၊ ကုက္ကိုလ်ကုန်းကျေးရွာများတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသခံများပြည်သူများအား ခြောက်ကြိမ်ခန့် ပတ်ဝဲပြီး ပစ်ခတ်ခဲ့ကြောင်း ၊ စစ်တပ်က ယခုတစ်ကြိမ်အပါအ၀င် မြို့နယ်အတွင်းတွင် ယခင်လ နို၀င်ဘာ၂၇ ရက်မှစ၍ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၃ ကြိမ်ထိ အလွန်အကျွံ လေကြောင်းသုံး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင်ပုလဲမြို့နယ်အတွင်း ယခု စစ်ရေးတင်းမာနေစဉ်အတွင်း ကျေးရွာ ၁၀ ရွာမှ ပြည်သူ ၁၀၀၀၀ခန့် စစ်ရှောင်နေကြောင်း ၊ နေရပ်စွန့်ခွာစစ်ရှောင်များမှာ ရက်ရှည်စစ်ရှောင်နေရသည့် အတွက် စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း၊ တိုက်ပွဲဝင်ရဲဘော်များနှင့် စစ်ဘေးရှောင်ပြည်သူများအား ပုလဲမြို့နယ် ပအဖ ၊လူသားစာနာတာဝန်ခံတို့မှာ တက်စွမ်းသ၍ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးလျှက်ရှိကြောင်း မြို့နယ် လူသားစာနာတာဝန်ခံက ပြောသည်။