မျောက် သေနတ်ရ ဥပဒေ

Author နိုင်ရာဇာမင်း
Categories
Published on Feb 19, 2023

မျောက် အုန်းသီးရ ဆိုသည့် စကားပုံသည် လက်ဝယ်တွင် ပိုင်ဆိုင်ထားသည့် အခွင့်အရေး တစ်ရပ်ကို အသုံးချနိုင်ခြင်း မရှိသည့် အခြေအနေမျိုးကို ရည်ညွှန်းသည့် စကားပုံ တစ်ခုဖြစ်သည်။

မျောက်ဆိုသည့် သတ္တဝါသည် အခွံနွှာခွဲပြီး စားသောက်၍ ရသည့် အုန်းသီးကို ခွဲရန် ဉာဏ်မှီခြင်း မရှိသဖြင့် ကျောက်ခဲ တစ်လုံးမျှသာ အသုံးဝင်သည့် အဖြစ်သို့ အုန်းသီးက ရောက်သွားရပေသည်။

မျောက်သည် လက်ထဲမှ အုန်းသီးကို ကိုက်ရုံ လျှောက်ထုရုံမှ လွဲ၍ မည်သို့မျှ အသုံးချ တတ်ခြင်း မရှိ။ အဆိုပါ မျောက်အုန်းသီးရ စကားပုံမှာ စစ်ခေါင်းဆောင်၏ လက်ရှိ ဘဝကို ထင်ဟပ်စေသည့် စကားပုံ တစ်ခုလည်း ဖြစ်လာခဲ့သည်။

စစ်ခေါင်းဆောင်သည် သူ၏ လက်ဝယ်မှ စစ်တပ်ကို နိုင်ငံတော် အကျိုးအတွက် ကောင်းမွန်စွာ အသုံးချနိုင်ရန် အခွင့်အရေး ရှိခဲ့သော်လည်း အသုံးချခဲ့ခြင်း မရှိပေ။ သို့မဟုတ် ကောင်းမွန်စွာ အသုံးပြုရန် ဉာဏ်မှီခဲ့ခြင်း မရှိခဲ့ပေ။

နိုင်ငံတစ်နိုင်ငံတွင် စစ်တပ်ဟူသည့် နိုင်ငံတော်အတွင်းမှ ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ပေးရန် အတွက်သာ အဓိက တာဝန်ဖြစ်သည်။ အဆိုပါ အချက်မှာ အုန်းသီးကို ခွဲပြီး စားတတ်မှသာ ရနိုင်မည့် အနှစ်သာရတစ်ခုဖြစ်သည်။

စစ်ခေါင်းဆောင်အား မျောက်တစ်ကောင် အဖြစ် မြင်ကြည့်ပြီး လက်ဝယ်မှ စစ်တပ်ကို အုန်းသီး တစ်လုံး ၏ အခွံ၊ နိုင်ငံနှင့် လူထု၏ လွတ်မြောက်ခွင့်သည် အုန်းသီး၏ အတွင်းမှ အသားအဖြစ် ယူဆကြည့်ပါက အဆိုပါ အခြေအနေအား ရှင်းရှင်းလင်းလင်းပင် တွေးမြင်နိုင်မည် ဖြစ်ပေသည်။

ပြီးခဲ့သည့် ၂၀၀၈ ခြေဥ လွှတ်တော် အခင်းအကျင်း ကာလတွင် စစ်ခေါင်းဆောင်သည် လက်ဝယ်မှ စစ်တပ်ကို နိုင်ငံရေးတွင် ခြယ်လှယ်နေသည့် ပုံစံကို စွန့်လွှတ်၍ ကောင်းမွန်သည့် ဒီမိုကရေစီ နိုင်ငံ အခင်းအကျင်းကို ဖန်တီးနိုင်သည့် အခြေအနေကို ပိုင်ဆိုင်ခဲ့သည်။

အုန်းသီး၏ အခွံကို နွှာရန် အခွင့်အလမ်းမျိုး ဖြစ်သော်လည်း စစ်ခေါင်းဆောင်သည် အုန်းသီးကို ကိုက်နေရသည့် မျောက်ပမာ နိုင်ငံရေးတွင် ကန့်လန့်တိုက် စိုးမိုးခြယ်လှယ်ခဲ့သည်။

နောက်ဆုံးတွင် ခွာမရသည့် အုန်းသီးကို ပစ်ပေါက်လိုက်သည့် မျောက်ဒေါသအိုး တစ်ကောင်သဖွယ် စစ်တပ်ကို အာဏာသိမ်းရန် အသုံးချခဲ့တော့သည်။
ထိုအခါ အပေါ်မှ ခိုင်မာစွာ ကာရံ ဗိုလ်ကျထားသော စစ်တပ်၏ ချုပ်နှောင်မှုများအောက်၌ အတွင်းမှ နိုင်ငံနှင့် လူထု၏ ဖယ်ဒရယ် ဒီမိုကရေစီအရေး၊ သာတူညီမျှ ရှိရေး အခွင့်အလမ်းများက ပိတ်မိကုန်လေတော့သည်။

ဆာလောင်နေသည့် မျောက်တစ်ကောင်သည် လက်ထဲမှ အုန်းသီးကို ခွဲမရဖြစ်ပြီး ဒေါသဖြစ်နေချိန်တွင် ပြုမူမည့် ပုံစံမျိုးအတိုင်း စစ်ခေါင်းဆောင်က ပြုမူလာခဲ့သည်။

သို့သော် စစ်ခေါင်းဆောင်၏ ပြုမူပုံမှာ စကားပုံလာ မျောက်၏ ပြုမူပုံနှင့် ခြားနားပြီး ပို၍ ရန်လို အကြမ်းဖက်နေခဲ့သည်။ စကားပုံ ထဲတွင်သာမက ပြင်ပတွင်လည်း မျောက်တစ်ကောင်သည် အုန်းသီးကို ခွဲမရပါက ထားရစ်ခဲ့ခြင်း၊ သို့မဟုတ် အဝေးတစ်နေရာ သို့ ပစ်ပေါက်ပြီး စွန့်ပစ် လိုက်ခြင်းမျိုးကိုသာ ပြုလုပ်ရန် ရာခိုင်နှုန်း များ၏။

အုန်းသီး ထိုင်ခွဲနေသည့် မျောက် မရှိသော်လည်း ဒေါသတစ်ကြီးဖြင့် အုန်းသီးကို ဟိုဒီ ပစ်ပေါက်နေသည့် မျောက်မျိုးကို မြင်တွေ့ရသည်မှာကား မဆန်းလှပေ။

ထိုထက် အုန်းသီးကိုကိုင်ပြီး အစားအသောက် လိုက်လုသည့် မျောက်မျိုးကို တွေ့ရလျင်ကား သမိုင်းတွင် ကြီးကျယ်သည့် တွေ့ရှိမှု တစ်ခုပင် ဖြစ်လာနိုင်ပေမည်။ စစ်ခေါင်းဆောင်သည်ကား အုန်းသီးကိုင်ပြီး အစားအသောက်လိုက်လုသည့် မျောက်တစ်ကောင်နှင့် ခပ်ဆင်ဆင် အခြေအနေမျိုးကို ပိုင်ဆိုင်ထားသည်။

လောဘ၊ ဒေါသ၊ မောဟ အမိုက်အမှောင်များအကြား ဆာလောင်နေသည့် မျောက်သဖွယ် ဖြစ်နေခဲ့သည်။ အကျိုးစီးပွား အတွက် အာဏာသိမ်းလိုက်သော်လည်း အကျိုးစီးပွားများက ပို၍ ဆုတ်ယုတ် လာခဲ့သည်။

ဆုတ်ယုတ်လာသည့် အကျိုးစီးပွားကို ကာကွယ်ရင်း လုံးပါးပါးလာနေခြင်းက စားမရသည့် အုန်းသီးကိုက်နေရသည့် မျောက်တစ်ကောင်တွင် ရှိနေမည့် ဒေါသနှင့် အကြမ်းဖက်လိုစိတ်မျိုးဖြင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ပြုမူလာခဲ့သည်။

သာမာန် မျောက် တစ်ကောင် အုန်းပင်ပေါ်တက်ပြီး အုန်းသီးစားမရ၍ မြင်မြင်ရာ အုန်းသီးဖြင့် လိုက်ထုနေသည်ကို မြင်ရသည်မှာ ရယ်ရွှင်ဖွယ်ရာ ဖြစ်ရပ် တစ်ခုအဖြစ်ပင် မြင်ကြည့်၍ ရပေဦးမည် ဖြစ်သည်။

သို့သော် စစ်ခေါင်းဆောင်သည် လက်ဝယ်တွင် ရှိသည့် ခေတ်မှီလက်နက်များ တပ်ဆင်ထားည့် စစ်တပ်ဖြင့် ဆာလောင်နေသည့် မျောက် အုန်းသီးရ သည့် စိတ်မျိုး ဖြစ်နေခဲ့၍ နိုင်ငံ အနှံ့တွင် အကြမ်းဖက်မှုများ၊ စစ်ပွဲများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာခဲ့ရတော့သည်။

အာဏာသိမ်းပြီး ပေါ်ပေါက်လာသည့် အကြမ်းမဖက် လူထု သပိတ်များကို လက်နက်အားကိုးပြီး အကြမ်းဖက် ဖြိုခွဲ ပစ်သတ်လိုက်ခြင်းက နိုင်ငံအတွင်း ကျယ်ပြန့်သည့် လက်နက်ကိုင်တော်လှန်ရေး ခရီးရှည်ကြီးစီသို့ တွန်းပို့ ပစ်လိုက်သည်။

မြေမှာ စီးဆင်းခဲ့ရသည့် သွေးစက်များက မဆုတ်မနစ်စတမ်း ခုခံတော်လှန်ရတော့မည်ဟူသည့် စိတ်ဆုံးဖြတ် ခိုင်မာမှုမျိုးကိုလည်း ဖြစ်ပေါ်လာစေခဲ့သည်။ သောင်းနှင့်ချီသော လူငယ်များ စစ်ပညာသင်ကြားရန် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်များ ရှိရာ နယ်မြေများစီသို့ ထွက်ခွာလာခဲ့ပြီး ၎င်းတို့သည် မြန်မာစစ်တပ်ကို အပြုတ်ဖြုတ်ချရေး တိုက်ပွဲဝင်ရန် စိတ်ဆုံးဖြတ်ခဲ့ကြသူများ ဖြစ်သည်။

အများစုမှာ ဗမာတိုင်းရင်းသားများ ဖြစ်ပြီး စစ်အာဏာသိမ်းလိုက်ခြင်းက မြန်မာစစ်တပ်၏ အခြားတိုင်းရင်းသားများနှင့် လူများစု ဗမာတိုင်းရင်းသားများအကြား ပဒေသရာဇ်နှင့် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကို အသုံးချ သပ်လျှို သွေးခွဲထားမှုများကို အသိဉာဏ်ပွင့်သွားစေခဲ့သည်။

ဗမာသည်သာမက တိုင်းရင်းသားအားလုံး ကိုယ်ပိုင်အုပ်ချုပ်ပြဌာန်းခွင့် ရှိစေရမည့် ဖယ်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးတွင် လွတ်လပ်ရေး ရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဗမာလူမျိုးများ ဉာဏ်ပွင့်လာခဲ့ခြင်းလည်း ဖြစ်သည်။

ဆယ်စုနှစ်များစွာ ဗမာစစ်တပ်တွင် စစ်မှုထမ်းသူ အများဆုံး ရှိရာ ဒေသများထဲမှ တစ်ခု ဖြစ်သည့် အညာဒေသသည် စစ်တပ်ကို တော်လှန်သူများ အားအကောင်းဆုံး ဒေသများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။ လွတ်မြောက်နယ်မြေ တစ်ပိုင်း ဖြစ်နေသည့် ကျေးလက်ဒေသ အများအပြားကို PDF တပ်ဖွဲ့များက မြန်မာပြည်အလယ်ပိုင်း အညာဒေသ တစ်ခွင်၌ နှစ်နှစ်အတွင်း ထိန်းချုပ်လာနိုင်ခဲ့သည်။

စစ်ခေါင်းဆောင်သည် အဆိုပါ အခြေအနေကို စစ်တပ်ကို အသုံးချစေခိုင်း၍ မြေလှန် မီးရှို့ဖျက်ဆီးသည့် ဖက်ဆစ် အပြုအမူများကို ပြုလုပ်လာခဲ့သည်။ ထို့အတူ နိုင်ငံ အနှံ့အပြားမှ တော်လှန်သူများကိုလည်း ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ်မှုများကို ပြုလုပ်လာခဲ့သည်။

တစ်စ တစ်စ တော်လှန်ရေး တပ်ဖွဲ့များဘက်မှ အင်အားကောင်းလာခြင်းက စစ်ခေါင်းဆောင်ကို တစ်နေ့တစ်ခြား ခြောက်လှန့်လာနေဖွယ် ရှိပြီး မည်သို့ပင် အင်အားသုံး အကြမ်းဖက်နေစေကာမူ လက်နက်ကိုင်တော်လှန်မှုများက လျော့ကျသွားခြင်း မရှိခဲ့ပေ။

တစ်နိုင်ငံလုံး အနှံ့ တပ်များကို ဖြန့်ကာ တော်လှန်ရေး တပ်ဖွဲ့များကို ရင်ဆိုင်နေရသည့် စစ်တပ်သည် တဖြည်းဖြည်း အင်အား ယုတ်လျော့လာနေခဲ့ပြီ ဖြစ်သည်။ တစ်ဖက်တွင်လည်း အာဏာသိမ်း စစ်တပ်ထံသို့ တပ်သားသစ် ဝင်ရောက်မှုများကလည်း အလွန်အမင်း လျော့ကျလာခဲ့ဖွယ် ရှိပေသည်။

တော်လှန်ရေး တပ်ဖွဲ့များကို နှိမ်နင်းရန် အတွက် မနိုင်မနင်း ဖြစ်နေသည့် စစ်တပ်သည် မြို့ပေါ်ဒေသများတွင်လည်း ဖရိုဖရဲ ဖြစ်နေသည့် အခြေအနေများကို ထိန်းချုပ်နိုင်ခြင်း မရှိပေ။

ရန်ကုန်အပါအဝင် မြို့ကြီးများ၌ ခိုးဆိုးလုယက်မှုများ၊ ဓားပြမှုများက လူမြင်ကွင်းများ၌ ပေါ်ပေါ်တင်တင်ပင် မကြာခဏ ဖြစ်ပွားလာလျက် ရှိနေခဲ့သည်။ ၂၀၀၈ ခြေဥကို အကြောင်းပြကာ အာဏာသိမ်းခဲ့ပြီး နှစ်နှစ်ကျော်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများကို ထိန်းချုပ်နိုင်ခြင်း မရှိခြင်းကာ စစ်ခေါင်းဆောင်အတွက် အာဏာသိမ်းမှု ထောက်ခံသူများ၏ ဖိအားပေးမှုကိုလည်း ခံလာရသည်။

စစ်လော်ဘီများစွာတို့က တော်လှန်ရေး တပ်ဖွဲ့များကို နှိမ်နင်းနိုင်ခြင်း မရှိဘဲ စစ်တပ်ထောက်ခံသူများ အနေအစား ဆင်းရဲနေရခြင်း၊ ယခင်ကကဲ့သို့ လွတ်လပ်စွာ အကြောက်တရား ကင်းကင်း သွားလာနိုင်ခြင်း မရှိရခြင်းသည် စစ်ခေါင်းဆောင်၏ ညံ့ဖျင်းမှုကြောင့်ဟု သွယ်ဝိုက် အပစ်ဖို့မှုများ ခပ်စိတ်စိတ် မြင်တွေ့လာရသည်။

စစ်ခေါင်းဆောင်သည် မျောက်အုန်းသီးရ အခြေအနေမှ မျောက်မီးခဲကိုင် အခြေအနေသို့ ကူးပြောင်းသွားခဲ့ခြင်း ဖြစ်သည်။ မီးခဲကိုင်မိသည့် မျောက်၏ နံဘေးမှ ကွိကွိကွကွ အော်နေကြသည့် မျောက်အုပ်ကြီးသဖွယ် ထောက်ခံသူများကလည်း ဝိုင်းဝန်းဖိအားပေးနေခဲ့သည်။

တော်လှန်ရေး တပ်ဖွဲ့များ၏ ပြောက်ကျား တိုက်ခိုက်မှုများက စစ်ကောင်စီ စစ်သားများအတွက် ခွင့်ရချိန် အိမ်ပြန်ရန်ပင် ဝင့်ကြွားစွာ ပြန်နိုင်ခြင်း မရှိတော့ပေ။ အချိန်မရွေး လုပ်ကြံမှုများကို ခံသွားရနိုင်ပြီး စစ်သတင်းပေးများအတွက်လည်း ထိုကဲ့သို့ပင် အကြောက်တရားကို ခံစားနေကြရသည်။

စစ်ဆင်ရေး ဝင် ရှေ့တန်းထွက်နေရသည့် တပ်များသည်လည်း မြေမြှပ်မိုင်းများ၊ ခြုံခိုမိုင်းဆွဲတိုက်ခိုက်မှုများကအစ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ၏ ခြိမ်းခြောက်မှုအောက်၌ အလူးအလဲ ခံနေရသည်။

တော်လှန်သူများကို နှိမ်နင်းရန် ကြိုးစားရင်း တော်လှန်သူများ၏ နှိမ်နင်းခြင်းကို ခံလာရသည့် စစ်ကောင်စီ တပ်များ အနေဖြင့် ၎င်းတို့ကို ထောက်ခံသူများကို အကာအကွယ် ပေးနိုင်ခြင်း မရှိတော့ပေ။ တစ်ဖက်တွင်လည်း တော်လှန်ရေး အင်အားစုများကို နှိမ်နင်းရန် အင်အားပိုမိုလိုအပ်လာပြီ ဖြစ်သည်။

စစ်မှန်သည့် ဖယ်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး အတွက် တိုက်ပွဲဝင်နေသည့် တော်လှန်ရေး အင်အားစုများအတွက်လည်း ၎င်းတို့ကို အကြမ်းဖက်နှိမ်နင်းနေသည့် စစ်တပ်နှင့် ထိုစစ်တပ် အောင်နိုင်ရေး အကူအညီပေးနေသူများကို စစ်ပွဲ၏ သဘောသဘာ၀ အတိုင်း ရန်သူ အဖြစ် သတ်မှတ်ထားကြသည်။

ထောင်နှင့်ချီသည့် စစ်ကောင်စီ၏ ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်များစွာ တော်လှန်ရေးအင်အားစုများ၏ လုပ်ကြံခြင်းကို ခံခဲ့ရသည်။ အလားတူ အဆိုပါ ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့များ၊ သတင်းပေးများ၏ အကူအညီကြောင့် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် တော်လှန်ရေး တပ်ဖွဲ့ဝင် ထောင်ချီရှိနေပြီး အပြစ်မဲ့ အရပ်သား ပြည်သူများစွာလည်း ပါဝင်နေခဲ့သည်။

စစ်ခေါင်းဆောင်သည် ၎င်းကို ထောက်ခံ ကူညီနေသူများကို အသုံးချရန် ထပ်မံကြိုးစားလာခဲ့သည်။ လက်ထဲ ကိုင်မိနေသည့် မီးခဲကို ဘေးမှ မျောက်အုပ်ထံ ပစ်ပေါက်သည့် မျောက်သဖွယ် ပင်ဖြစ်သည်။

သို့သော် စစ်ခေါင်းဆောင်သည် မျောက်တစ်ကောင် မဟုတ်သလို ဘေးမှ ထောက်ခံနေသူများသည်လည်း မျောက်များ မဟုတ်ခဲ့၊ ပစ်ပေါက်ပေးသည်မှာလည်း မီးခဲ တစ်ခုသက်သက် မဟုတ်ခဲ့ပေ။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက အတည်ပြုထားခဲ့သည့် လက်နက်ကိုင်ဆောင်ရေးမူအရ စစ်တပ်ထောက်ခံသူများသည် စစ်ကောင်စီ၏ တရားဝင် ခွင့်ပြုချက်ဖြင့် သေနတ်ကိုင်ဆောင်ခွင့် ရတော့မည့် အခြေအနေမျိုးကို မြင်တွေ့လာရသည်။

စစ်ခေါင်းဆောင်သည် အာဏာရှင်ဟောင်း ဗိုလ်နေဝင်း၏ ဆိုရှယ်လစ်ခေတ်က ပြဌာန်းထားခဲ့သည့် ဥပဒေကို အပြောင်းအလဲအချို့ ပြုလုပ်၍ ပြန်လည်ပြဌာန်းလာခဲ့ခြင်း ဖြစ်သည်။ အပြောင်းအလဲများထဲတွင် ပြည်တွင်း၌ လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်ရသူများ အချင်းချင်း လက်နက်ရောင်းဝယ်ခွင့်၊ အသင်းအဖွဲ့အလိုက် အစုအလိုက် အပြုံလိုက် လက်နက်ကိုင်ဆောင်ခွင့်များ ပါဝင်ခဲ့သည်။

စစ်ခေါင်းဆောင်သည် သူ၏ လက်ဝေခံ စီးပွားရေးသမား လက်နက်ကုန်သည်များကို ပြည်တွင်း၌ တရားဝင် လက်နက်ရောင်းချခွင့်ပေးတော့မည့် ပုံစံမျိုး ဖြစ်ပြီး ဝယ်ယူခွင့်မှာလည်း စစ်တပ်ထောက်ခံသူ၊ စစ်ဖက် အသိုင်းအဝိုင်း အနွယ်ဝင်များသာ ရရှိမည့် ပုံစံမျိုး ဖြစ်သည်။

ထို့ပြင် အသင်းအဖွဲ့အလိုက် အစုလိုက် အပြုံလိုက် သေနတ်ကိုင်ဆောင်ခွင့် ပေးခြင်းကလည်း စစ်မှုထမ်းဟောင်းအများစု ဖြင့်ဖွဲ့စည်းထားသည့် ကြံ့ခိုင်ရေး ပါတီဝင်များအတွက် သေနတ်ကိုင်ပြီး မဲဆွယ်ခွင့်ရတော့မည့် သဘောဖြစ်နေခဲ့သည်။

သာမာန် ဆိုသည့် စကားရပ်ကို အသုံးချပြီး ခြေဥနှင့်အညီ အာဏာသိမ်းထားသည်ဟု မျက်နှာပြောင်တိုက်ရဲသည့် စစ်ခေါင်းဆောင် ပြဌာန်းသည့် ဥပဒေတစ်ခု၌ ပါဝင်သည့် စကားစု စကားလုံးများသည်ကား စာရွက်ပေါ်မှ တရားဝင်ကြောင်း သရုပ်ပြ ရုပ်သေးစကားလုံးများမျှသာ ဖြစ်ပေမည်။

စစ်ခေါင်းဆောင်သည် ၎င်း၏ ဘက်တော်သားများကို ၎င်းတို့ အာဏာတည်မြဲရေးအတွက် အတူတကွ တိုက်ပွဲဝင်ရန် သေနတ်များ မျှဝေပေးလိုက်ခြင်းသာဖြစ်သည်။ ထို့ပြင် ဂုတ်သွေးစုတ်မှုများဖြင့် ချမ်းသာကြီးပွား နေကြသည့် စစ်ဖက် ကြေးရတတ် အသုံးအဝိုင်းမှ အဆက်အနွယ်များအတွက်လည်း ခါးကြားသေနတ်ထိုး၍ သွားလာခွင့်ကို တရားဝင်ရရှိသွားခြင်းမျိုးလည်း ဖြစ်သည်။။

မြို့ပြများ၏ ညများ၌ Elite များအဖြစ် ၎င်းတို့ကိုယ်၎င်းတို့ ယူဆကြသည့် စစ်ခေါင်းဆောင်များ၏ အဆက်အနွယ်များက ထိပ်တန်း နာမည်ကြီး ဘား ကလပ်များကို စိုးမိုးထားသည်။ လုံခြုံရေး ဘန်ကာများ အနီးမှ ဆိုက်ကားပင် လျင် မဝံ့မရဲ သွားနေရသော်လည်း ပြိုင်ကားများကတော့ အရှိန်ပြင်းပြင်း ဖြတ်၍ မောင်းနှင်နိုင်သည်။

ထိုသူများသည် စစ်ခေါင်းဆောင်၏ လက်နက်ကိုင်ဆောင်ခွင့် မူအရ သေနတ်များ ကိုင်ဆောင်နိုင်ခွင့် ရှိလာတော့မည် ဖြစ်သည်။ ဝန်ထမ်းများကို သေနတ်ကိုင်ဆောင်ခွင့် ပေးထားပြန်ခြင်းကလည်း လူဦးရေ စာရင်းများကောက်ယူမည့် စစ်ကောင်စီ ဝန်ထမ်းများကို သေနတ်ပေးထားမည်လောဆိုသည့် လူထုထံ အကြောက်တရားကို သွင်းပေးလိုက်ခြင်းလည်း ဖြစ်သည်။

ထို့ပြင် အစုလိုက် အပြုံလိုက်သေနတ်ကိုင်ဆောင်ခွင့်အောက်၌ မိုက်ကယ်ကျော်မြင့်ကဲ့သို့ နယ်ခံ လူမိုက်တစ်ဦး အဖြစ် ကျော်ကြားသူများဖြင့် ဖွဲ့စည်းထားသည့် ပါတီများမှ ပါတီဝင်များ သေနတ်ကိုင်ဆောင်ခွင့်ရလာတော့မည့် အခြေအနေမျိုး ဖြစ်သည်။

သာမာန် အရပ်သား ပြည်သူတစ်ဦးသည် စစ်ကောင်စီကို မဆန့်ကျင်၊ မထောက်ခံပဲ နေလျင်တောင် သေနတ်ကိုင်ဆောင်ခွင့်ကို ရရှိရန် ခက်ခဲနေမည် ဖြစ်သည်။ သာမာန်အရပ်သား ပြည်သူတစ်ဦးအတွက် စစ်ကောင်စီ၏ လက်နက်ကိုင်ဆောင်ရေးမူသည် ပြဌာန်းချက်ပါ စကားလုံးတိုင်းက ကျော်ဖြတ်ရမည့် အခက်အခဲများ ဖြစ်နေမည်သာ ဖြစ်သည်။

ဥပဒေကို လက်တစ်လုံးခြား၊ မျက်ကွယ်ပြုတတ်သူများ၏ လက်အောက်၌ ဥပဒေသည် တပြေးညီ သက်ရောက်နေခဲ့ခြင်းလည်း မရှိခဲ့ပေ။

မျောက်မီးခဲကိုင်ထားခြင်းမျိုးမဟုတ်ပဲ သေနတ်ကိုင်ထားသည့် မျောက်သည် ဘေးမှ ဖိအားပေးနေသော် ထောက်ခံသူ မျောက်အုပ်ကြီးထံ သေနတ်များ ဝေငှ ပေးလိုက်ခြင်း ဖြစ်သည်။

ဆာလောင်နေသည့် မျောက်တစ်ကောင်သည် လက်ထဲမှ ကိုက်ခွဲမရသည့် အုန်းသီးကို ပစ်ပေါက်ခြင်းသည် မည်သို့မျှ ဆိုးဆိုးရွားရွား မဖြစ်လှပေ။ မီးခဲကိုင်မိသည့် မျောက်က မျောက်အုပ်ထံ မီးခဲဖြင့် ပစ်ပေါက်နေခြင်းကမူ အခန့်မသင့်ပါက တောမီးလောင်ကျွမ်းသည်ထိ ဖြစ်သွားနိုင်သည်။

ထို့ထက် မျောက်တစ်ကောင် မဟုတ်သည့် ဖက်ဆစ် စိတ်ထားဖြင့် အကြမ်းဖက်ခေါင်းဆောင်တစ်ဦးက သူ၏ ဘက်တော်သားများထံ သေနတ်များ ဝေငှ ပေးလိုက်ခြင်း၏ အကျိုးဆက်သည် မည်မျှ ဆိုးရွားနိုင်မည်ကို စောင့်ကြည့်ဖြတ်သန်းကြရတော့မည်သာ ဖြစ်သည်။

စစ်အာဏာသိမ်းမှုအောက်၌ စီးပွားရေးများ ပြိုလဲ၊ ထွက်ပေါက်များ ပိတ်ကာ နွမ်းနယ်နေရသည့် လူထုအတွက် စစ်တပ်၏ ဖိနှိပ်မှုများ အပြင် သေနတ်ကိုင်ထားသည့် မျောက်များသဖွယ် စစ်တပ်ဘက်တော်သားများကိုလည်း ရင်ဆိုင်လာရဖွယ် ရှိနေပေသည်။