မဲဆောက်မြို့တွင်း မြန်မာဘက်ခြမ်းမှ သယ်ယူလာသည့် အရက်နှင့်ကွမ်းစားဆေးများ ဖမ်းမိပြီးနောက် မြန်မာဆိုင်များအား ထိုင်းရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေ

Author ပင်ကီ
Categories
Published on Sep 05, 2023

ထိုင်းနိုင်ငံ မဲဆောက်မြို့ ဟုံလုံ city Markရှေ့ မြ၀တီ-မဲဆောက် ကားဂိတ်အနီး ဗင့်ကားတစ်စီးအား ယနေ့ နေ့လယ် ၁၂နာရီ၃၀မိနစ်ခန့်တွင် ကင်းလှည့်နေသောထိုင်းရဲများက တားဆီးမေးမြန်းစစ်‌ဆေးရာ မြန်မာဘက်ခြမ်းမှာ အကောက်ခွန်မဲ့ သယ်ယူလာသည့် အရက်နှင့် ကွမ်းစားဆေးများအား ဖမ်းဆီးရမိပြီးနောက် မဲဆောက်စျေးကြီးအတွင်းရှိ မြန်မာဆိုင်များအား ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းရဲတပ်ဖွဲ့မှ တားစီးစစ်ဆေးခဲ့သည့် မော်တော်ယာဉ်အတွင်းတွင် စက္ကူပုံး ခြောက်ပုံးအတွင်း ထည့်သွင်းထား အကောက်ခွန်မဲ့ နိုင်ငံခြားဖြစ်အရက်များ၊ ကွမ်းစားဆေးများအား ရှာဖွေတွေ့ရှိပြီးနောက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။

“ကျနော့်အရှေ့တင် ဖမ်းမိတာ အရှေ့က ဆိုင်ကယ်ကောင်လေး လွတ်သွားတယ် အနောက်ကကပ်လိုက်လာတဲ့ ဗင့်ကားကို လှမ်းတားလိုက်ပြီး အထဲက လူ၂ယောက်နဲ့ ပစ္စည်းတွေ အကုန်ကိုတော့ ဖမ်းဆီးသွားတယ်၊ပထမ ဖမ်းတာတော့ ထိုင်းရဲတွေပဲ နောက်မှ အဖွဲ့စုံရောက်လာတာ ၊ပြီးတော့မှ မဲဆောက်ဈေးထဲက မြန်မာအများစု ဖွင့်လှစ်ရောင်းချတဲ့ နေရာတွေ အကုန်အစစ်ဆေး၀င်တော့တာ ထက်ပြီး ဘယ်သူမှတော့ အဖမ်းခံရတယ် မကြားတော့ဘူး” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့မှ မဲဆောက်စျေးကြီးအရှေ့ဘက် ဖိုးတူးကုန်းရှိ မြန်မာများ ဖွင့်လှစ်ရောင်းချနေသော စျေးဆိုင်ခန်းများနှင့် စျေးအတွင်း ဖွင့်လှစ်ရောင်းချနေသော ပျံကျစျေးသည်များအား ဝင်ရောက်စစ်ဆေးမှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။