မဲဆောက်တွင် မြန်မာသို့ပို့မည့် RPG ကျည်များအပါအဝင် ကျည်အများအပြား ထိုင်းရဲထပ်ဖမ်းမိ၊ အမျိုးသားနှစ်ဦး ဖမ်းဆီးခံရ

Author အညာသား
Categories
Published on Apr 03, 2024

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တစ်လျှောက်ရှိ မဲဆောက်မြို့နယ်၊ ဘန်ထပွန် အမှတ် ၁ ကျေးရွာတွင် မြန်မာနိုင်ငံသို့ပို့မည့် RPG ကျည်များအပါအဝင် လက်နက်ကြီးကျည်အများအပြား ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့ ဧပြီ ၃ ရက် သတင်းစာရှင်းပွဲတွင် ထုတ်ပြောသည်။

မဲဆောက်ခရိုင်အတွင်း နယ်စပ်တလျှောက် တာဝန်ကျ ရဲအရာရှိများ၊ စစ်သားများနှင့် အုပ်ချုပ်ရေးအရာရှိများ ကင်းလှည့်နေစဉ် အမျိုးသားနှစ်ဦးသယ်ဆောင်လာသော ခရီးဆောင်အိတ်ကိုရှာဖွေရာမှ ကျည်ဆန်များနှင့် စစ်လက်နက်များကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းဘာသာဖြင့်ရေးသားထားသော (M)မဲဆောက်မီဒီယာတွင် ရေးသားဖော်ပြထားသည်။

အမျိုးသားနှစ်ဦးအနက် တစ်ဦးသည် ကြောက်လန့်ပြီး အိတ်ကိုပစ်ချ၍ သောင်ရင်းမြစ်ထဲသို့ ပြေးသွားသော်လည်း ပြန်လည်ဖမ်းမိခဲ့ကြောင်း သိရသည်။

 

သိမ်းဆည်းရမိသည့် စစ်လက်နက်များတွင် RPG ကျည် သုံးတောင့်၊ Rz1PG ကျည် သုံးလက်၊ ၁၀ မမ ၄၀ မီလီမီတာ လက်ပစ်ဗုံး၊ ၇ ဒသမ ၆၂ မီလီမီတာ ကျည် ၈၈၈ တောင့်နှင့် ၅ ဒသမ ၅၆ မီလီတာကျည် နှစ်တောင့်တို့ အပါအဝင် ကျည်အများအပြားဖမ်းမိခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မတ် ၂၉ ရက်ကလည်း မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် လေကြောင်းအချက်ပြ ဖြတ်တောက်သည့် သေနတ်တစ်လက်နှင့် မောင်းသူမဲ့လေယာဉ်(ဒရုန်း)တစ်စင်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး မြန်မာအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။

စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း ပြီးခဲ့သည့် မတ်လမှစ၍ ယနေ့အချိန်အထိ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ခရိုင်အတွင်း ထိုင်းအာဏာပိုင်အဖွဲ့အစည်းများက နယ်စပ်လုံခြုံရေးအတွက် အထူးကြပ်မတ်စစ်ဆေးလုပ်ဆောင်လျက်ရှိသည်။

 

ဓာတ်ပုံ-(M)မဲဆောက်မီဒီယာ