မဲဆောက်တွင် စစ်ဘေးရှောင်များအတွက် ရန်ပုံငွေရရန် ပန်းချီပြပွဲပြုလုပ်

Published on Feb 02, 2024

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် ယမန်နေ့ အာဏာသိမ်းသုံးနှစ်ပြည့် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်ဘေးရှောင်များအတွက် လူသားခြင်းစာနာထောက်ထားမှုအကူအညီများပေးအပ်နိုင်ရန် ပန်းချီပြပွဲတစ်ခု ပြုလုပ်ခဲ့သည်။

In-Between ဟု နာမည်ပေးထားသည့် သုံးကြိမ်မြောက်ပန်းချီပြပွဲကို Federal Art Space မှ ဦးစီးကျင်းပခြင်းဖြစ်ပြီး ပန်းချီအနုပညာရှင်(၇)ဦး၏ ပန်းချီကား ၆၄ ကားပြသခဲ့ကြောင်း သိရသည်။

 

“စစ်အာဏာရှင်ကို တွန်းလှန်လာတာ ဒီနေ့ သုံးနှစ်ပြည့်ခဲ့ပေမဲ့ အားလုံးက နိုင်ရာက တော်လှန်နေကြသလို ကျွန်တော်တို့က စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကျွန်တော်တို့နိုင်တဲ့ အနုပညာနဲ့ တွန်းလှန်နေတာပါ။ ပြည်တွင်းက ရဲဘော်ရဲဘက်တွေကိုလည်း အားမလျှော့ဘဲ ဆက်တွန်းလှန်ကြမယ်လို့ အားပေးချင်ပါတယ်” ဟု Federal Art Space မှ ကိုဒေးဗစ်က CJ Platform သို့ ပြောသည်။

ယခုပန်းချီပြပွဲမှ ရောင်းရငွေ၏ (၆၀) ရာခိုင်နှုန်းကို စစ်ဘေးရှောင်များထံသို့ ကူညီလှူဒါန်းသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

 

ထိုပန်းချီပြပွဲသို့ တက်ရောက်လာသူတစ်ဦးက တော်လှန်ရေးနှင့်ပတ်သက်၍ ယခုကဲ့သို့ ဖွင့်ဟပြောဆိုသည်။

 

“ကျွန်မတို့ကတော့ ခုထိတွန်းလှန်ဆဲပါပဲ။ ရှေ့လျှောက်လည်း မနိုင်မချင်း ဆက်တိုက်နေမှာ။ အဆုံးထိပါဝင်သွားမှာ။ ကျွန်မတို့ ပြည်သူတွေလည်း အားမလျှော့ပါနဲ့။ ကျွန်မတို့ ရောင်နီကို မြင်နေရပါပြီ။ စစ်တပ်က ပြိုနေပါပြီ” ဟု CJ Platform သို့ ပြောသည်။

Federal Art Space မှကျင်းပသည့် ပန်းချီပြပွဲများကို ပထမဆုံးအကြိမ်အဖြစ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့ က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့နှင့် ဒုတိယအကြိမ်အဖြစ် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၄ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တို့တွင် ကျင်းပခဲ့ပြီး ထိုပြပွဲများမှရရှိသည့် ရန်ပုံငွေများကို စစ်ဘေးရှောင်များထံ လှူဒါန်းခဲ့ကြောင်း သိရသည်။