မေ့မရ တသသမဖြစ်လိုတဲ့ အညာသူ/အညာသားများရဲ့ ခရီးကြမ်း
လူဟာ သုခတွေ့ချိန်ထက် ဒုက္ခတွေ့ခဲ့ချိန်ကို ပိုအမှတ်ရလေ့ရှိတဲ့ သဘောရှိတတ်ပါတယ်။ အဲဒီလိုပဲ အညာဒေသ ဂန့်ဂေါမြို့နယ်၊ ကန့်သတ်ရွာသူ/ရွာသားတွေဟာလည်း အဆိုးရွားဆုံး ၁၅ ရက်တာကို တစ်ဘဝမှာ တစ်ခါ ကြုံခဲ့ရပါပြီ။
စက်တင်ဘာလရဲ့ သည်းသည်းမဲမဲရွာနေတဲ့ မိုးစက်မိုးပေါက်တွေအောက် ကန့်သတ်ရွာက အိမ်ထောင်စု ၁၀၀ ကျော် တောတောင်လျိုမြောင်တွေကို ဖြတ်ပြီး အသက်လုပြေးခဲ့ရပါတယ်။ လက်နက်ကိုင်တော်လှန်ရေးတွေစခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေဟာ ရွာကို ပိတ်ဆို့လိုက်တာကြောင့်ပါ။
စစ်ဖိနပ်အောက် မရောက်လို၊ အညံမခံလိုတဲ့ ဒေသခံအရပ်သားတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသလို ကျန်ရှိနေသူတွေကိုလည်း ကျေးရွာအပြင်ထွက်ခွင့်မပေးဘဲ ရွာသားတချို့နဲ့ လက်နက်ကိုင် ပျူစောထီးတပ်ဖွဲ့ ဖွဲ့စည်းပေးထားခဲ့ပါတယ်။
အဲဒီလိုနဲ့ အချိန်ကြာလာတာနဲ့အမျှ ဖိနှိပ်မှုအောက် ခံနိုင်ရည်မဲ့လာတဲ့ ကန့်သတ်ကျေးရွာက အိမ်ထောင်စု ၁၀၀ ကျော်ဟာ ဆုံးဖြတ်ချက်တစ်ခုချမှတ်လိုက်ကြပါတယ်။
အဲဒါကတော့ ခက်ခဲတဲ့ခရီးကြမ်းကို ဖြတ်သန်းပြီး စစ်ဖိနပ်အောက်က လွတ်အောင်ရုန်းကြဖို့ပါ။ အဲဒီခရီးဟာ ထင်သလောက် မလွယ်ကူခဲ့ပါဘူး။ မလွယ်ကူဘူးဆိုတာလည်း ရွာသူ/သားတွေ သိနှင့်နေခဲ့ပြီးသားပါ။
စက်တင်ဘာ မိုးသည်းတွေကိုမမှုဘဲ သက်ကြီးရွယ်အိုနဲ့ ကလေးများပါမကျန် ခြေလျင်ခရီးနဲ့ပဲ တစ်နိုင်တစ်ပိုင်ပစ္စည်းများကို ခေါင်းရွက်၊ ကျောပိုးလျက် ပုလဲမြို့နယ်ထဲကို ဦးတည်ထွက်ပြေးလာခဲ့ကြပါတယ်။
ကန့်သတ်ကျေးရွာဟာ ပုံတောင်နဲ့ ပုံညာအကြားရှိ တောင်ကြားလျှိုမြောင်ကြီးထဲက ရွာတစ်ရွာဖြစ်ပါတယ်။ တိမ်းရှောင်သူတို့ဟာ ပုလဲမြို့နယ်ဘက်အခြမ်းက ပုံတောင်နဲ့ တောတောင်များကို ၁၅ ရက်လောက် ဖြတ်သန်းပြီးမှသာ ပုလဲနယ်ထဲရောက်ရှိခိုလှုံခဲ့ကြရတာပါ။
အဲဒီ အမှတ်မရချင်စရာ ၁၅ ရက်တာကို သူတို့ဘယ်လိုဖြတ်ကျော်ခဲ့ရတာပါလဲ။
မိုးဒဏ်လေဒဏ်၊ ရာသီဥတုနဲ့ အစားအသောက်မပြည့်ဝမှုတွေကြောင့် သက်ကြီးရွယ်အိုတွေ၊ နို့တိုက်မိခင်တွေ၊ ကလေးငယ်တွေ နာမကျန်းဖြစ်ခဲ့ရပါတယ်။
လမ်းခရီးမှာ အသားအတွက် တောကောင်ကို ပစ်၊ တွေ့ရာ ဟင်းရွက်ခူးပြီး ဝမ်းရေးဖြေရှင်းခဲ့ရပါတယ်။ နားခိုရာမှာတော့ အမိုး သစ်ရွက်၊ အကာ သစ်ရွက်နဲ့ ယာယီတဲတွေဆောက်လုပ် နေထိုင်ခဲ့ရတာပါ။
သူတို့ရွာကို စစ်ကောင်စီတပ်သားတွေ ဘာလို့ပိတ်ဆို့ခဲ့တာပါလဲ။
အညာဒေသမှာ လက်နက်ကိုင်တော်လှန်ရေးအားကောင်းတာကြောင့် အဲဒီမှာ စစ်ကောင်စီတပ်သားတွေဟာ တခြားဒေသတွေထက် ပိုမိုကြမ်းရမ်းလေ့ရှိပါတယ်။ ဒါပေမဲ့ ကန့်သတ်ရွာအနီးတစ်ဝိုက်မှာတော့ ပိုဆိုးပါတယ်။
အဓိကအကျဆုံးအချက်ကတော့ ကန့်သတ်ကျေးရွာမှာ မကွေးတိုင်း၊ စစ်ကောင်စီရဲ့ ကာကွယ်ရေးစစ်လက်နက်ပစ္စည်းထုတ်လုပ်ရာ ကပစ ၂၃ စက်ရုံပိုင်နက်အနီး ကပ်လျက်ရှိနေတဲ့ ရွာတစ်ရွာ ဖြစ်နေတာကြောင့်ပါ။
ဒီအချက်ကြောင့်ပဲ ရွာကိုပိတ်ဆို့ထားပြီး ဝင်စီးတာတွေ မကြာခဏ ပြုလုပ်လေ့ရှိတာကြောင့် ကန့်သတ်ရွာသူ/သားတွေဟာ နောက်ဆုံးမှာ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရတာပါ။
“အဲဒီချိန်က ဖုန်းလိုင်းတွေမဖြတ်သေးတော့ ပုလဲမြို့နယ်က တောင်ပေါ်ကျေးရွာတွေက ပကဖတွေ၊ ပအဖတွေဆက်သွယ်ပြီးဖြတ်လာတော့၊ မြို့နယ်ပကဖ၊ ပအဖနဲ့ ဒေသခံတွေက တောကြီးထဲ တစ်နေရာကိုသွားကြိုရပါတယ်။ ဆင်တွေနဲ့ သွားကြိုတယ်” လို့ ပြန်ပြောင်းပြောပြလာသူ ပုလဲမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာ၀န်ခံ ဖြစ်ပါတယ်။
ကန့်သတ်ကျေးရွာသူ/သားတွေ ပုလဲမြို့နယ်ထဲ ရောက်ရှိချိန်မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့ ဒေသခံတွေရဲ့ အကူအညီနဲ့ တောတွင်းလုံခြုံတဲ့နေရာမှာ ယာယီတဲများ အရေးပေါ်ဆောက်လုပ် နေထိုင်ခွင့် ပေးထားခဲ့ပါတယ်။
အဲဒီနောက် ကန့်သတ်ကျေးရွာက အိမ်ထောင်စု ၁၀၀ လောက်ဟာ နေထိုင်ရာအခက်အခဲကြောင့် ဒေသခံ ပအဖ၊ ပကဖတွေရဲ့ အကူအညီနဲ့ အထိုက်သင့် မြေပြန့်တဲ့ တောင်ပေါ်တစ်နေရာမှာ ကိုယ်ပိုင်တဲများ ဆောက်လုပ်ပေးတဲ့နေရာမှာ အခုချိန်ထိ နေထိုင်နေကြရပါတယ်။
တိမ်းရှောင်သူတွေထဲ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ CDM ၀န်ထမ်း၊ KG တန်းမှ အထက်တန်းအထိ ကျောင်းသား ၁၀၀ လောက်နဲ့ ဘုန်းတော်ကြီး တစ်ပါးပါ၀င်ခဲ့ပါတယ်။
“ကန့်သတ်ရွာသားတွေရဲ့ မျက်မှောက်ကာလ”
ကန့်သတ်နယ်မြေက အိမ်ထောင်စု ၁၀၀ ကျော်တဲ့အတွက် ကျေးရွာတစ်ရွာခန့်ရှိတာကြောင့် ဒေသတွင်းဖြစ်ပေါ်လာမယ့် ပြဿနာ၊ အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာများ ဆောင်ရွက်နိုင်ဖို့ ကျေးရွာ ပြည်သူ့ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားပါတယ်။ ဒါပေမဲ့ ဘယ်လိုပြဿနာမှ ဒီရွာသားတွေကြား မဖြစ်သေးပါဘူး။
ပုလဲနယ်ထဲ လက်ရှိ သူတို့နေထိုင်နေတဲ့နေရာဟာ တောင်ပေါ်ဒေသဖြစ်တဲ့အပြင် မိုးများတဲ့ဒေသဖြစ်တာကြောင့် လမ်းရီးဆက်သွယ်သွားလာဖို့ အလွန်ခက်ခဲတယ်လို့ အဲဒီက ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ပွင့်လင်းရာသီတုန်းက စက်ယန္တရားတွေနဲ့ မြေသားကားလမ်းအနေနဲ့ အကြမ်းဖောက်လုပ်ခဲ့ပေမဲ့ မိုးတွင်းကာလမှာ ပျက်ဆီးသွားခဲ့ပါတယ်။ ဒါကြောင့် မိုးတွင်းဘက် ရိက္ခာပို့ဆောင်ရာမှာ ဘီးတပ်ယာဉ်တွေအစား ဆင်တွေကိုပဲ အသုံးပြုခဲ့ရပါတယ်။ ဆင်မအားရင် စစ်ရှောင်စခန်းက သက်လတ်ပိုင်းနဲ့ ကလေးတွေက တစ်နိုင်တစ်ပိုင် သယ်ယူကာ တောင်တက်တောင်ဆင်း သယ်ယူပို့ဆောင်ကြရပါတယ်။
ဒီလိုလမ်းပြင်ရာမှာ ငွေရေးကြေးရေးအခက်အခဲတွေဖြစ်ပေါ်နေတဲ့အကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ရေးအဖွဲ့(ပအဖ) လူသားချင်းစာနာမှု တာဝန်ခံက အခုလိုပြောပါတယ်။
“မကြာခင်က ဆန်တွေနဲ့ ရိက္ခာ သယ်ယူပို့ဆောင်ရေးတွေလုပ်ခဲ့ပါတယ်။ ဒီနှစ် ပွင့်လင်းရာသီမှာ စက်ထိုးပြီး အရေးပေါ်လမ်းဖောက်လုပ်နေတာရှိပါတယ်။ ဒီအပေါ်မှာလည်း ကုန်ကျစရိတ်တွေနဲ့ ငွေရေးကြေးရေး အခက်ခဲတွေ ရှိနေပါတယ်” လို့ သူက ဆိုပါတယ်။
ဒါ့အပြင် အဲဒီဒေသဟာ ဆက်သွယ်ရေးအနေနဲ့ ဖုန်းလိုင်းမရတဲ့အတွက် ဆက်သွယ်ရေးစက်တွေကိုပဲ အားကိုးပြီး အဆက်အသွယ် ပြုလုပ်နေကြရပါတယ်။
ပညာရေးပိုင်းကတော့ မြို့နယ်ပညာရေးဘုတ်အဖွဲ့က NUG ပညာရေး၀န်ကြီးဌာနဆီ စာရင်းသွင်းဆောင်ရွက်ထားပြီး ကြားကာလ အရေးပေါ် ပညာရေးကျောင်းဆောင်တစ်ဆောင် ဆောက်လုပ် ပေးထားပါတယ်။
အဲဒီကျောင်းမှာ မြို့နယ် ပအဖ ပညာရေးတာ၀န်ခံနဲ့ ပညာရေးဘုတ်အဖွဲ့ရဲ့ စီမံမှုနဲ့ စေတနာ့၀န်ထမ်းများ၊ CDM ၀န်ထမ်းများက ပူးပေါင်းသင်ကြားပေးလျက် ရှိပါတယ်။
“ကျောင်သားတွေရဲ့ ကျန်းမာရေးအတွက် သောက်သုံးရေ လိုအပ်မယ်။ ခုက သဲချောင်းထဲမှာ လက်ယက်တွင်းကရေပဲ သောက်နေရတာ။ ပြီးတော့ ကျောင်းမှာ စာအုပ်စာတမ်းနဲ့ ခဲတံဘောပင်၊ Teacher Guide လိုမျိုး ပညာရေးဆိုင်ရာအထောက်အပံ့တွေ လိုအပ်မယ် ” ဟု အဲဒီက ဆရာမတစ်ဦးက ပြောပါတယ်။
ကျန်းမာရေးပိုင်းမှာဆိုရင်တော့ အဲဒီ စစ်ရှောင်တွေထဲ ကျန်းမာရေး CDM တစ်ဦးပါ၀င်လာခဲ့တာကြောင့် ကန့်သတ်နယ်မြေအတွင်း ဆေးခန်းဖွင့်လှစ်ကုသပေးနေပါတယ်။ အဲဒီဆေးခန်းကို NUG ကျန်းမာရေး၀န်ကြီးဌာနရဲ့ ထောက်ပံ့မှုနဲ့ မြို့နယ်ကျန်းမာရေးတာ၀န်ခံက ဆေးများကို ကူညီထောက်ပံ့နေတာပါ။ ဒါ့အပြင် အဲဒီဒေသကို မြို့နယ်အဖွဲ့ ဆရာ၀န်များက နှစ်လတစ်ကြိမ် သွားရောက် ဆေးကုသမှုကို ပုံမှန်ဆောင်ရွက်ပေးနေတဲ့အကြောင်း သိရပါတယ်။
အဲဒီဆေးခန်းမှာ ဆေးဝါးနဲ့ အထောက်အကူပစ္စည်းတွေ များစွာလိုအပ်နေတဲ့ အကြောင်းလည်း သိရပါတယ်။
ဂန့်ဂေါနယ်က တိမ်းရှောင်သူတွေဟာ ဝမ်းရေးအတွက်ကိုတော့ မြေလွတ်တွေမှာ တောင်ယာစပါးနဲ့ သီးနှံစိုက်ပျိုး ဖြေရှင်းနေရာကနေ ဒီနှစ်ထဲမှာတော့ ဥယျာဥ်ခြံမြေစိုက်ပျိုးခြင်းနဲ့ ၀ကျ/ကြက်စတဲ့ မွေးမြူရေးလုပ်ငန်းတွေအထိ လုပ်ဆောင်နေကြပါတယ်။
ဒါပေမဲ့ ရှိတဲ့လူဦးရေကြောင့် မလောက်မငှတွေ ဖြစ်နေကြရပါတယ်။
တစ်နယ်တစ်ကျေးက ပြောင်းရွှေ့လာတဲ့ စစ်ဒဏ်ခံ အရပ်သားတွေကို ဒေသခံအရပ်သားတွေ၊ မြို့နယ်လူသားစာနာတာ၀န်ခံနဲ့ ဒေသဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေက အကူအညီတွေ ပေးနေပေမဲ့ အဘက်ဘက်မှာ လိုအပ်ချက်တွေ ရှိနေဆဲပါပဲ။
ကန့်သတ်စစ်ရှောင်စခန်းမှာ အဓိကပြဿနာရပ်အဖြစ် စစ်ရှောင် အိမ်ထောင်စု ၁၀၀ အပြင် ထပ်တိုးအိမ်ထောင်စု ၅၇ စု ရှိလာတဲ့အတွက် ရိက္ခာလိုအပ်ချက် ဆက်လက်မြင့်တက်နေတာပါ။
သူတို့ကို လစဉ် ဆန် ၁၀၅ တင်း၊ ဆီ ၁၁ ပုံး၊ အခြားသော မီးဖိုချောင်သုံးပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းမပါဘဲ ကျပ်သိန်း ၇၀ နီးပါး ကုန်ကျပါတယ်။ အဲဒီက လမ်းပမ်းဆက်သွယ်ရေး အခက်အခဲကြောင့် စစ်ရှောင်စခန်းနေသူတွေဟာ ရိက္ခာပြတ်လပ်မှာကို အမြဲစိုးရိမ်နေကြရပါတယ်။
ဒါကြောင့် သူတို့ဟာ အလှူရှင်တွေကို ငံ့လင့်လို့နေကြပါတယ်။
သူတို့ကို တစ်စုံတစ်ရာ ကူညီထောက်ပံ့လှူဒါန်းလိုသူတွေအနေနဲ့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်လှူဒါန်းနိုင်တဲ့အကြောင်း ယင်းအဖွဲ့လူသားစာနာတာ၀န်ခံက တောင်းဆိုထားပါတယ်။
စစ်ကောင်စီကြောက်လို့ ပုံတောင်/ပုံညာက လျိုမြောင်တောတောင်တွေကြား ၁၅ ရက်တာ ခြေလျင်ခရီးကြမ်းကို ဖြတ်ကျော်လာခဲ့တဲ့ ကန့်သတ်ရွာ/သားတွေဟာ အခုထိ ကြမ်းတမ်းတဲ့ဘဝခရီးလမ်းကို ဖြတ်သန်းနေရဆဲပါ။
လူဘဝမှာ သက်တမ်းအလိုက် အမှတ်ရစရာတွေ တစ်ပုံတစ်ပင်ရှိကြပါတယ်။ အဲဒီလိုပဲ ကန့်သတ်ရွာသူရွာသားတွေမှာလည်း အမှတ်ရစရာတွေ ထုနဲ့ ထေး။
ဒါပေမဲ့ ကောင်းတဲ့အမှတ်ရစရာတွေတော့မဟုတ် ခက်ခဲကြမ်းတမ်းပြီး ကြာရှည်တဲ့အိပ်မက်ဆိုးကြီးသဖွယ် အမှတ်ရစရာတွေပါပဲ။
ဂန့်ဂေါနယ်က အညာသူ/သားတွေဟာ မေ့မရ တသသမဖြစ်လိုတဲ့ မှတ်ဉာဏ်တွေ ပျောက်ပျက်ပါစေ ဆုတောင်းရင်း ခရီးကြမ်းဆက်နှင်နေကြပါတယ်။