မော်ရိုကိုငလျင်ဒဏ်ကြောင့် သေဆုံး၊ဒဏ်ရာရသူ ၄၀၀၀ ကျော်ရှိလာပြီး ထပ်မံများပြားလာနိုင်

Author လင်းနွေဦး
Categories
Published on Sep 10, 2023

မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာလ ၈ ရက် သောကြာနေ့ ညပိုင်းက လှုပ်ခတ်ခဲ့သော စကေး ၆ဒဿမ၈ ပြင်းအားရှိ ငလျင်ဒဏ်ကြောင့် လူများ သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။

စနေနေ့ မနက်ပိုင်းတွင်ရရှိသော ကနဦးသတင်းများအရ ထိခိုက်ဒဏ်ရာရရှိသူ ၆၃၂ ဦးနှင့် ဒဏ်ရာရရှိသူ ၃၀၀ ကျော်သာ ရှိခဲ့သော်လည်း ယနေ့ စက်တင်ဘာလ ၁၀ရက် တနင်္ဂနွေ နေ့လယ်အထိ ရရှိသော သတင်းများအရ သေဆုံးသူ ၂၀၁၂ ဦး ခန့်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၀၅၉ ခန့်အထိ ရှိလာနေပြီး ထိုအထဲမှ ၁၄၀၀ ခန့်ဟာ အရေးပေါ်အခြေအနေဖြင့် ရင်ဆိုင်နေရသည်ဟု Sky News မီဒီယာ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါငလျင်သည် သမိုင်းဝင် မြို့တော် မာရာကချဒ်၏ တောင်ဘက် မိုင်၅၀ အကွာ အက်သလက်တောင်ကြား တွင် ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ လူပေါင်း ၃ သိန်း ဝန်းကျင်သည် ငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ခံစားခဲ့ရသည်ဟု သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အရေအတွက်သည်လည်း ယခုထက် ထပ်မံတိုးပွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (W.H.O) က ထုတ်ပြန်ခဲ့သည်။

အစောပိုင်းတွင် နိုင်ငံတကာခေါင်းဆောင်များမှ ငလျင်ဒဏ်ကြောင့် သေဆုံးမှုများ ထိခိုက်ပျက်စီးမှုများအတွက် ဝမ်းနည်းကြောင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ အမြန်ဆုံး ပေးအပ်ကူညီသွားကြမည်ဟု ၎င်းတို့၏ လူမှုကွန်ရက် အသီးသီးတွင် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

အနီးအနားရှိ စပိန်နိုင်ငံကမူ အထူးတပ်သား ၅၆ ဦးနှင့် ကယ်ဆယ်ရေးအတွက် လေ့ကျင့်ပေးထားသော စစ်တပ်သုံး အထူးခွေး ၄ ကောင်အား ကူညီကယ်ဆယ်ရေး အတွက် စေလွှတ်ပေးခဲ့ပြီး ယခုအခါ လုပ်ငန်းများဆောင်ရွက်ရန် မြေပြင်သို့ရောက်ရှိပြီဖြစ်ကြောင်း စပိန်ကာကွယ်ရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားခဲ့သည်။
မော်ရိုကိုပြည်သူများသည် ယခုအခါ လမ်းမများနှင့် ဘေးလွတ်ရာ နေရာလွတ်များတွင် နေထိုင်နေကြရပြီး “ဒီအိမ်မက်ဆိုးကြီးမကြာခင် ပြီးသွားမှာပါ ..သေဆုံးမှုအရေအတွက်တွေ ထပ်မတိုးလာဖို့ ဝိုင်းဝန်းဆုတောင်းနေကြပါတယ်…ကူညီကယ်ဆယ်မှုတွေ နဲ့အထောက်အပံ့တွေ အမြန်ဆုံးရရှိဖို့ အစိုးရဘက်ကနေလည်း အကောင်းဆုံးဆောင်ရွက်နေတယ်လို့သိရပါတယ်” ဟု ပြည်သူတစ်ဦးမှ ရိုက်တာသတင်းထောက်ထံသို့ ပြောကြားခဲ့သည် ။

ဓာတ်ပုံ – AP