မော်ချီးမှာ စစ်ကောင်စီဗုံးကြဲလို့ နေအိမ်ပေါ်တည့်တည့်ကျကာ ဒေသခံတွေ သေဆုံး

ကရင်နီပြည် မော်ချီးဒေသကို စစ်ကောင်စီက ဒီကနေ့ ဇူလိုင် ၁၄ ရက်နေ့ နေ့လယ် ၂ နာရီခွဲ ဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်ပေါ် တည့်တည့်ကျကာ သေဆုံး၊ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မော်ချီးမြို့နယ်အတွင်းရှိ လေးအိမ်စုရပ်ကွက် စက်ဆရာကွေ့လမ်းအနီးက လူနေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံ ၅ ဦးခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“နေအိမ်ပေါ် တည့်တည့်ကျတာ။ ကျွန်မအသိ မိသားစုတွေပါ။ မိခင်ရော သမီးဖြစ်သူပါ သေဆုံးသွားပါတယ်” လို့ ဒေသခံအမျိုးသမီးက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါ ပျက်ယွင်းပြီး သေဆုံးသူတွေပါ ရှိနေပြီး ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ သိရပါတယ်။
“စစ်ကောင်စီက ဒီနေ့ မနက်အစောပိုင်း ၁ နာရီ ဝန်းကျင်လောက်မှာ ဒီမော့ဆိုအနောက်ခြမ်း နေရာသုံးခုကို ဗုံးကြဲခဲ့တာပါ” လို့ KNDF ပြောရေးဆိုခွင့်ရှိသူ သာအယ်စိုးက CJ Platform ကို ပြောပါတယ်။
စစ်ကောင်စီဟာ ဒီကနေ့ မနက်မှာပဲ ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက နေရာသုံးခုကို လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
စစ်ကောင်စီက မော်ချီးဒေသကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၇ ဦး သေဆုံးခဲ့ရသလို၊ ဇူလိုင်လ ၉ ရက်နေ့ကလည်း ဒေသခံနေအိမ်ပေါ် ဗုံးကြဲခဲ့လို့ မိသားစုဝင် ၅ ဦး သေဆုံးခဲ့ရပါတယ်။
ဓာတ်ပုံ – ပေးပို့