မူးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးအား သိမ်းပိုက်ရရှိ

Author လင်းနွေဦး
Categories
Published on Dec 04, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင်၊ မူး(မုန်း)မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းအားလုံးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ ယနေ့ ဒီဇင်ဘာ (၄)ရက်နေ့တွင် သိမ်းပိုက်ရရှိကြောင်း KNU မှ ထုတ်ပြန်သည်။

 

မူး(မုန်း)မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များဖြစ်သော ခမရ-၅၉၉ ၊ ခမရ-၅၉၀ ၊ မုန်းမြို့မ ရဲစခန်းနှင့် တံတားဂိတ်စခန်းတို့အား KNLA နှင့်ပူးပေါင်းတပ်ဖွဲ့များ မှ ဒီဇင်ဘာ (၂) ရက်နေ့ ည (၁၁)နာရီ(၄၀)မိနစ် တွင်စတင် တိုက်ခိုက်ကာ ယနေ့ ဒီဇင်ဘာ (၄)ရက် ညနေ (၅)နာရီခွဲအချိန်တွင် စခန်းအားလုံးအား သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

အဆိုပါ စခန်းများအား သိမ်းပိုက်ရခြင်းမှာ မူး(မုန်း)မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်များမှ ပြည်သူလူထုအား ပစ်မှတ်ထားပြီး ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ နေ့စဉ်ရက်ဆက် ဆိုသလို လက်နက်ကြီးများအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်ခြင်း ကြောင့် ပြည်သူများ သေဆုံးခြင်း ထိခိုက်ဒဏ်ရာ များရရှိကာ လုပ်ငန်းခွင်သို့ သွားရောက်ရန် အခက်အခဲများစွာဖြစ်ပွားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု KNU က ဆိုသည်။

 

အဆိုပါ စခန်းသိမ်းတိုက်ပွဲများ အတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အပါအဝင် တပ်သား အမြောက်အမြား လက်နက်ချ အညံ့ခံခဲ့ပြီး အသေးစိတ် သတင်းအပြည့်အစုံအား ဆက်လက် ဖော်ပြမည် ဟု KNU မှ ထုတ်ပြန်ထားသည်။

 

ယခုအခါ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA )နှင့် ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များမှ စခန်းများ သိမ်းပိုက်ပြီးနောက် တပ်ဖွဲ့အင်အား (၁၅၀၀)ခန့် အသုံးပြုကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။