မူး(မုန်း)၌ တစ်လကျော်ကြာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၀ ဦးသေဆုံး၊ တော်လှန်ရေးရဲဘော် တစ်ဦးကျဆုံး ⬛ နတ်သံကွင်းအနီးတဝိုက်တွင် နေ့စဉ်တိုက်ပွဲဖြစ်

Author လင်းနွေဦး
Categories
Published on Jan 18, 2024

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူး(မုန်း)မြို့နယ်အတွင်း တစ်လကျော်ကြာဖြစ်ပွားခဲ့သော တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၀ ဦးသေဆုံးသော်လည်း တော်လှန်ရေးရဲ‌ဘော် တစ်ဦးသာကျဆုံးခဲ့ကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်းက ထုတ်ပြန်သည်။

 

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းမှစတင်၍ ယခုနှစ် ဇန်နဝါရီ ပထမအပတ်အထိ ပဲနွယ်ကုန်း-နတ်သံကွင်း ကားလမ်း၊ သဲတော၊ ထိန်တော၊ နရွဲပင်၊ အုန်းနှဲပင်၊ နတ်သံကွင်းမြို့သိမ်း စသည့်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သာလွန်အင်အားများဖြစ်သည့် လက်နက်ကြီး အကြိမ် တစ်ရာကျော်နှင့် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၆၀ ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း မူးရှေ့တန်းရောက် ရဲဘော်တစ်ဦးက ဆိုသည်။

 

“ရှေ့မှာလည်း လက်နက်ကြီးတွေ၊ လေယာဉ်နဲ့ လာဗုံးကြဲတာတွေ ခဏခဏပဲ။ ကျွန်တော်တို့က စစ်သားဆိုတော့ ကိစ္စမရှိပေမဲ့ သူတို့ပစ်တဲ့လက်နက်ကြီးတွေ၊ ဗုံးတွေက ပြည်သူတွေပေါ်ကျတယ်။ သူတို့သုံးတာ သာလွန်အင်အားလို့ပဲ ဆိုရမှာပေါ့။ ဒါပေမဲ့လည်း သူတို့ဘက်ကပဲ အကျများတာပဲ။ ကျွန်တော်တို့စစ်ကြောင်းကတော့ တစ်ယောက်ကျသွားတယ်ဗျ။ ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာမျိုးရှိတယ်။ မစိုးရိမ်ရပါဘူး” ဟု မူးရှေ့တန်းရောက် တော်လှန်ရေးရဲဘော်တစ်ဦးက CJ Platform သို့ ပြောသည်။

 

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများသာမက ခြေလျင်တပ်များကို စစ်ကူပေးရန် တင့်ကားနှင့် သံချပ်ကာ ကားများကိုလည်း အသုံးပြုခဲ့ကြောင်း CJ Platform က စုံစမ်းသိရှိရသည်။

 

“ရှေ့ရက်တွေတုန်းက သူတို့ တင့်ကားနှစ်စီးနဲ့ သံချပ်ကာ ကားတစ်စီးကို တင့်ဖျက်မိုင်းတွေနဲ့ ဖျက်စီးလိုက်နိုင်တာ ရှိခဲ့တယ်။ သူတို့ သံချပ်ကာ တစ်စီးနဲ့ တင့်ကားတစ်စီးကို ကရိန်းနဲ့ ပဲနွယ်ကုန်းကို  ပြန်ဆွဲသွားရတာရှိတယ်။ နောက်တစ်စီးကတော့ ဘယ်လိုသယ်သွားလည်း မသိဘူး။ ညောင်ဝိုင်းရွာနား ရောက်နေတယ်လို့ ရွာသားတွေသတင်းပို့တာရှိတယ်” ဟု အထက်ပါရဲဘော်က ဆက်လက်ပြောကြားသည်။

 

ယခုလက်ရှိ မြေပြင်၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သော ပူးပေါင်းမဟာမိတ် တော်လှန်ရေးအင်အားစုများမှ နတ်သံကွင်းမြို့၊ ပဲနွယ်ကုန်း၊ သဲတော၊ အုန်းနှဲပင် စသောဒေသများ၌ နယ်မြေစိုးမိုးနိုင်ရေး အပတ်တကုတ်ကြိုးစားလျက်ရှိပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိသည်ဟု CJ Platform ၏ မြေပြင် သတင်းရင်းမြစ်ထံမှ သိရသည်။