မူး(မုန်း)မြို့တွင်း တိုက်ပွဲများကြောင့် ပြည်သူ ခြောက်သောင်းကျော် စစ်ဘေးရှောင်နေရကာ နေအိမ်အများအပြား ပျက်စီးခဲ့ရ

Author လင်းနွေဦး
Categories
Published on Dec 08, 2023

ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ယနေ့ ဒီဇင်ဘာ (၇)ရက်နေ့တွင် ခလယ်လွီထူ(ညောင်လေးပင်) ခရိုင်၊ မူး(မုန်း)မြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပူးပေါင်းမဟာမိတ် တပ်မွဲများနှင့် စစ်ကောင်စီတို့ကြားဖြစ်ပွားသော တိုက်ပွဲများကြောင့် ပြည်သူ (၆၀,၀၀၀)ကျော် စစ်ဘေးရှောင်နေရကာ နေအိမ် အမြောက်အမြားပျက်စီး ခဲ့ရကြောင်း ထုတ်ပြန်သည်။

ဒီဇင်ဘာ (၄) ရက်နေ့ ညနေ (၅)နာရီ ခွဲအချိန် ခန့်တွင် မူး(မုန်း)မြို့တွင်းရှိ စစ်ကောင်စီ တပ်စခန်းများအား သိမ်းပိုက်နိုင်ခဲ့သည် ဟု KNU မှ ကြေညာခဲ့သော်လည်း ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကာ စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားရာ ဒေသမဟုတ်သည့် ကျေးရွာ များအတွင်းသို့ လေကြောင်း တိုက်ခတ်မှု ၊ လက်နက်ကြီး ပစ်ခတ်မှု များအား အကြိမ်ရေများစွာ ပြုလုပ်နေသဖြင့် ယခုကဲ့သို့ ပြည်သူ သောင်းချီ စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်းKNU ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

လက်ရှိတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိခြင်း၊ နယ်မြေအနေအထား မတည်ငြိမ်ခြင်းတို့ကြောင့် စစ်ဘေးရှောင်ပြည်သူ အရေအတွက် အတိအကျအား သိရှိနိုင်ရန် ကြန့်ကြာလျက်ရှိနေပြီး ကနဦး ကောက်ယူရရှိထားသော စာရင်းအရ ကျေးရွာပေါင်း (၈၅)ရွာမှ ပြည်သူ စုစုပေါင်း (၆၈,၄၀၃)ဦးခန့် ရှိနေကြောင်း သိရသည်။

စစ်ကောင်စီ၏ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများသို့ လေကြောင်းတိုက်ခိုက်ခြင်း ၊ လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် နေအိမ် အမြောက်အမြား ထိခိုက်ပျက်စီးခဲ့သောကြောင့် ပြည်သူများ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး စစ်ဘေး​ရှောင် ပြည်သူများအတွက် အရေးပေါ်လူသားချင်း စာနာထောက်ထားမှု အကူအညီများဖြစ်သည့် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းအတွက် အမိုးအကာများ နှင့် စောင်များ၊ဆေးဝါး များ လိုအပ်လျက်ရှိကြောင်း လည်း KNU မှ ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ- KNU