မူး(မုန်း)တွင် ငါးရက်အတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး လူဆယ်ချီထိခိုက်

Author လင်းနွေဦး
Categories
Published on Mar 09, 2024

ပဲခူးတိုင်း၊ ညောင်လေးပင်(ခလယ်လွီထူ)ခရိုင်၊ မူး(မုန်း)မြို့နယ်တွင် မတ်လ ၄ ရက်မှ ၈ ရက်နေ့အထိ ၅ ရက်အတွင်း စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးနှင့် ဒရုန်းအသုံးပြုတိုက်ခိုက်မှုများကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ခုနစ်ဦး သေဆုံးခဲ့ကြောင်း CJ Platform ၏ မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

 

ထို့ပြင် ၁၄ ဦးအထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်နှင့် အဆောက်အအုံအချို့လည်း ပျက်စီးခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။

“သူတို့(စစ်ကောင်စီ)နဲ့ ကျွန်တော်တို့က တိုက်ပွဲကြီးမဟုတ်ဘဲ ကင်းလှည့်တာ၊ နယ်မြေရှင်းတာတွေ လုပ်ရင်းနဲ့ ထိတွေ့မှုလေးတွေရှိတယ်ဗျ။ အဲဒီခါကျရင် နောက်က သူတို့ရဲ့ အထိုင်တပ်တွေကနေ လက်နက်ကြီးပစ်ကူတွေပေးတယ်။ ဒါပေမဲ့ ပစ်လိုက်ရင် ကျွန်တော်တို့ဆီ ကျတာနည်းနည်း။ ရွာတွေထဲ ကျတာများများ။ အဲဒီမှာတင် ပြည်သူတွေ ထိကုန်တာ” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ရှေ့တန်းရောက် ရဲဘော်တစ်ဦးက CJ Platform သို့ ပြောသည်။

 

မတ်လ ၄ ရက်ပစ်ခတ်မှုများတွင် အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သော်လည်း ၅ ရက်နေ့က ပစ်ခတ်မှုတွင် ထိခိုက်သေဆုံးမရှိခဲ့ပေ။ မတ် ၆ တွင်မူ ၉ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့သည့်အပြင် သုံးဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်ပျက်စီးမှုရှိခဲ့သည်။

“မတ်လ ၇ ရက်နေ့က သူတို့ ဒရုန်းတွေပါသုံးပြီး ဗုံးကြဲချမှုတွေလုပ်တာ။ အဲဒီနေ့ကဆို ဘယ်ကလွှတ်လဲသိချင်လို့ စုံစမ်းတော့ နတ်သံကွင်းကနေ နှစ်စီးနဲ့အထက်လွှတ်တယ်။ ကြဲပြီးရင် ပြန်သိမ်းတယ်။ မကျေနပ်သေးလို့ လက်နက်ကြီးတွေထပ်ပစ်တာ။ ဘုရားလဟာမှာပဲ ကလေးနောက်တစ်ယောက်အပါ ၄ ဦး ထပ်ပြီးသေတယ်” ဟု မြေပြင်တော်လှန်ရေးရဲဘော်က CJ Platform သို့ ပြောသည်။

 

မတ် ၇ ရက်တွင် ၈ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် လေးဦးသေဆုံးသည့်အပြင် လေးဦးဒဏ်ရာရခဲ့ပြီး နေအိမ် ၅ လုံးလက်နက်ကြီးထိမှန် မီးလောင်ပျက်စီးခဲ့ကြောင်း၊ မတ်လ ၈ ရက် တိုက်ခိုက်ခံရမှုအတွင်း ငါးဦးဒဏ်ရာရခဲ့ရာတွင် ဦးခေါင်းထိခိုက်ခဲ့သူတစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရပြီး စာသင်ကျောင်းတစ်ကျောင်းအပါအဝင် နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။