မူး(မုန်း)စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီ ပစ်ခတ်မှုကြောင့် အရပ်သား (၈)ဦးသေဆုံးပြီး (၉)ဦးဒဏ်ရာရ

Author လင်းနွေဦး
Categories
Published on Dec 29, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူး(မုန်း)မြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ကျေးရွာများအတွင်းသို့ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် အရပ်သား(၈)ဦးသေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

မူးမြို့နယ်အတွင်းရှိ နတ်သံကွင်းမြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ဒီဇင်ဘာ(၂၆)ရက်နေ့မှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ ဒီဇင်ဘာ (၂၈)ရက်နေ့တွင် နတ်သံကွင်းမြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း CJ Platform ၏ မြေပြင်သတင်းရင်းမြစ် များထံမှ သိရသည်။

ထိုသုံးရက်အတွင်း စစ်ကောင်စီဘက်က တပ်စခန်းများမကျစေရေး လေကြောင်းစစ်ကူများစွာ ပေးခဲ့ရာတွင် တိုက်ပွဲဖြစ်ပွားရာဒေသနှင့် မသက်ဆိုင်သော ကျေးရွာများအပေါ်သို့ လေကြောင်းတိုက်ခိုက်မှု (၃၂)ကြိမ်အတွင်း ဗုံး(၂၂)လုံး၊ စက်သေနတ်ပစ်ခတ်မှု (၂၆)ကြိမ်ခန့်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးလုံးရေ ၅၆ လုံးကျော်ပစ်ခတ်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

“အဟုတ်ပါဗျာ။ အဲဒီရက်တွေက လေယာဉ်တွေ ဝဲတာဝဲတာဆိုတာ အတိုင်းသားမြင်နေရတယ်။ ခဏခဏရွာတွေပေါ် ဗုံးလာကြဲတယ်။ စက်သေနတ်တွေနဲ့ ပစ်တယ်။ ဒေသခံတွေလည်း ကြောက်တာပေါ့ဗျာ။ ထွက်ပြေးရတာပေါ့။ သေဆုံးတဲ့သူတွေရှိတာ ကြားရတာတော့ တကယ်ကိုစိတ်မကောင်းဖြစ်မိတယ်” ဟု မူး(မုန်း)မြို့ ရှေ့တန်းစစ်မြေပြင်ရောက် တော်လှန်ရေးရဲဘော်တစ်ဦးက CJ Platform သို့ ပြောသည်။

ထိုသို့ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် နတ်သံကွင်းအနီးရှိ ကျေးရွာများမှ ရဟန်းတစ်ပါးအပါအဝင် အရပ်သားပြည်သူ(၈)ဦးသေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၆)လုံးနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ရသည်ဟု KNU က ဆိုသည်။

ဒီဇင်ဘာလအတွင်း KNLA ဦးဆောင်သော ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက မူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းများဖြစ်သည့် ခလရ-၅၉၀၊ ခလရ-၅၉၉၊ ခလရ-၈၄ ၊ မူးမြို့မရဲစခန်း၊ တံတားဂိတ်စခန်း၊ လည်ပတ်တပ်စခန်း၊ အုန်းနဲပင်စခန်းနှင့် နရွဲပင်စခန်းတို့အပြင် ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်နေ့က နတ်သံကွင်းမြို့ကိုပါ ထိန်းချုပ်နိုင်သည်အထိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

 

ဓာတ်ပုံ-KNU