မူဆယ် ယာယီနယ်စပ်ဂိတ်တွင် ဖြတ်ကျော်ခွင့်တန်းစီရာမှ လူများလွန်းသဖြင့် အသက်ရှူကြပ်ကာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး မူးလဲ ဒဏ်ရာရရှိသူများလည်းရှိ

Author အဂ္ဂ
Categories
Published on Jan 20, 2024

တရုတ်- မြန်မာနယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် ယနေ့ ဇန်ဝါရီ ၂၀ရက်နေ့က တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် ယာယီနယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ရရှိရန် တန်းစီရာမှ လူများလွန်းသဖြင့် အသက်ရှူကြပ်ကာ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပြီး အများအပြား မူးလဲခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း  အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသည့် အမျိုးသမီးတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယာယီနယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ကို မူဆယ်မြို့နယ် အားကစားကွင်းတွင် ထုတ်ပေးနေခြင်းဖြစ်ပြီး တုံကင်လက်မှတ်ရရှိရန် တန်းစီသူများမှာ ထောင်ဂဏန်းအထိရှိခဲ့ကြောင်း သိရသည်။

 

“လူနှစ်ယောက် သေသွားတယ်၊ မူးလဲတာက သုံးလေးယောက်၊ အကြောလည်းဆွဲတယ် ၊မိန်းကလေး တစ်ယောက် အကြောတက်တဲ့ချိန် နင်းခံရလို့ ခြေထောက်ကြေသွားတယ် ကျွန်မတောင် မေ့လဲခါနီးပဲ၊ အစ်ကိုတစ်ယောက်ပါလို့ မဟုတ်ရင် ဆေးခန်းရောက်လောက်ပြီ၊ ချော်လဲသေးတယ် နောက်က အရမ်းတွန်းလို့လေ” ဟု တုံကင်တန်းစီရာတွင် ပါဝင်ခဲ့သည့် အမျိုးသမီးတစ်ဦးက CJ Platform သို့ ပြောသည်။

တုံကင်လက်မှတ်သည် နေ့စဉ် အရေအတွက် အတိအကျသတ်မှတ်ကာ ထုတ်ပေးသည်မဟုတ်ဘဲ  စနစ်တကျ လုပ်ဆောင်ထားခြင်း မရှိခြင်းကြောင့် လူပေါင်းထောင်ချီ စုပြုံတိုးဝှေ့ရသည့်အပြင် ညအိပ်၍ပါ တန်းစီစောင့်ဆိုင်းသူများပါ ရှိနေကြောင်း သိရသည်။

 

“အခြေအနေက တော်တော်ဆိုးပါတယ် ၊တုံကင်ရနိုင်မယ့်ရက်မို့ ကျွန်မတို့လည်း ညအိပ်တန်းစီခဲ့ရတယ်” ဟု အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

 

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝှမ်းတွင် အလုပ်အကိုင်ရှားပါးလာမှုကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွားရောက်ကာ အလုပ်လုပ်ကိုင်ခွင့် ရရှိရန်အတွက် ယာယီနယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ကို မြေပြန့်ဒေသများမှ လူငယ်အမြောက်အမြားပါ လာရောက်တန်းစီသည့်အတွက် လူဦးရေထောင်ချီ စုပြုံတိုးဝှေ့နေရခြင်းလည်း ဖြစ်သည်ဟု သိရသည်။

 

“ခု (မြေပြန့်ဒေသဘက်ကနေ)  တက်လာမယ့် သူတွေ အများကြီး၊ တုံကင်မရတာ တစ်ထောင်ကျော် ကျန်သေးတယ်” ဟု တုံကင်တန်းစီနေရသည့် အခြေအနေကို အဆိုပါ အမျိုးသမီးက ရှင်းပြသည်။

 

ယယီ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ရရှိပြီးပါက တရုတ်ပြည်ဘက်ခြမ်းရှိ နားကြပ်စက်ရုံ၊ အထည်စက်ရုံ၊ ပိုက်ဆံအိတ်စက်ရုံ၊ ဖုန်းကာဗာစက်ရုံ အစရှိသည့် စက်ရုံများတွင် အလုပ်လုပ်ကိုင်ခွင့် ရနိုင်သည့်အတွက် ထိုသို့ လူပေါင်းထောင်ချီ တန်းစီတိုးဝှေ့နေခြင်းဖြစ်ပြီး ယာယီနယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ကို သိန်းဆယ်နှင့်ချီ၍ ဈေးကြီးပေးဝယ်နေရခြင်းများ၊ လက်မှတ်လုပ်ပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်သွားခြင်းများလည်း မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။