မူဆယ်နှင့် နမ့်ခမ်းတို့တွင် စစ်ကောင်စီက ပေါင်(၅၀၀)ဗုံးနှင့် လက်နက်ကြီးများဖြင့်တိုက်ခိုက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်နှင့် နမ့်ခမ်းမြိုနယ်တို့တွင် ယမန်နေ့(နိုဝင်ဘာ ၂၃) ညသန်းခေါင်ယံအချိန်များတွင် စစ်ကောင်စီက ဂျက်လေယာဉ်နှင့် လက်နက်ကြီးများဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း တအာင်းအမျိုးသားတပ်မတော်(TNLA)၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
မူဆယ်မြို့နယ်၊ ဆယ်လန့်ကျွေးရွာကို (၁၂) နာရီ (၄၀) မိနစ်ခန့်တွင် စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ပေါင် (၅၀၀) ဗုံးတစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ရပြီး နမ့်ခမ်းမြို့နယ်၊ သာယာကုန်းရပ်ကွက်အတွင်းသို့လည်း ယမန်နေ့ည (၁၂) နာရီခန့်တွင်ပင် စစ်ကောင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ရသည်ဟု ဆက်လက်ဖော်ပြထားသည်။
စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲများအတွင်း အထိနာတိုင်း အရပ်သားပြည်သူများရှိရာ မြို့များ၊ ကျေးရွာများအတွင်းသို့ လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လေ့ရှိကြောင်း တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ပြောကြားချက်များအရ သိရသည်။
၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာလ (၂၇) မှ ယနေ့ နိုဝင်ဘာလ(၂၄)ရက်အထိ တစ်လနီးပါးအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြုပစ်ခတ်မှုကြောင့် တအာင်းစစ်ဒေသရှိ အရပ်သားနေအိမ်(၂၀၀)နီးပါး ထိခိုက်၊ မီးလောင်ပျက်စီးခဲ့ရသည်ဟု တအာင်းတပ်မတော်(TNLA) ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ယမန်နေ့ နံနက်ပိုင်းက တရုတ်-မြန်မာတယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်သော မူဆယ်မြို့နယ် ကျင်စန်းကျော့ဂိတ်ကို စစ်တပ်၏ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုအတွင်း ရပ်ထားသည့် ကုန်တင်ကားအစီးရေ ၁၀၀ ကျော်မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။