မုံးကိုးမြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဟု MNDAA ဆို၊ ညီနောင်အဖွဲ့ မြို့ ၅ ခုအထိ ထိန်းချုပ်နိုင်ပြီ

Author အဂ္ဂ
Categories
Published on Nov 08, 2023

လေးရက်ကြာ ပြင်းပြင်ထန်ထန်တိုက်ခိုက်ခဲ့ပြီးနောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) မုံးကိုးမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ MNDAA က ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

 

၁၀၂၇ စစ်ဆင်ရေး (၁၂) ရက်မြောက်နေ့ဖြစ်တဲ့  မနေ့က(နိုဝင်ဘာ ၇ ရက်)ကိုးကန့်၊ မုံးကိုး၊ ကွတ်ခိုင် စတဲ့ ဒေသတွေက မုံးကိုးဗျူဟာကုန်းအပါအဝင် စစ်ကောင်စီတပ်စခန်းတွေကို သိမ်းလိုက်ပြီးတဲ့နောက် မုံးကိုးဒေသအုပ်ချုပ်ရေးကို ပြန်လည်ထူထောင်နိုင်ခဲ့ပြီး မူလ အထူးဒေသ (၁) ရဲ့ နယ်မြေအချို့ကို ပြန်လည်ရယူနိုင်ခဲ့တယ်လို့ ကိုးကန့်တပ် MNDAA က ဒီကနေ့မှာပဲ ထုတ်ပြန်ပါတယ်။

 

နိုဝင်ဘာလ (၅).ရက်နေ့ကတည်းက ကိုးကန့်တပ် တွေက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ မုံးကိုး ဗျူဟာကုန်းကို ဒရုန်းစစ်ဆင်ရေးဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ (၇) ရက်နေ့ မနက်ပိုင်းမှာတော့ ခြေလျင်တပ်တွေနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။

 

(၁) နာရီကြာထိုးစစ်ဆင်ပြီးတဲ့နောက်မှာ မွန်းတည့် (၁၂) နာရီ (၄၀) မိနစ်မှာတော့ မုံးကိုးဗျူဟာကုန်းကို ကိုးကန့်တပ်‌(MNDAA)က အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ ယနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ညနေ (၄) နာရီ (၄၈) မိနစ်မှာတော့ ကိုးကန့် (MNDAA) နဲ့ ဒေသလုံခြုံရေးအဖွဲ့တွေဟာ မုံးကိုးမြို့ရဲ့ အုပ်ချုပ်ရေးကိုပြန်လည်ထူထောင်နိုင်ခဲ့ကြောင်း၊ ဒေသခံပြည်သူ့စစ်အားလုံး ကြောက်လန့်တကြားထွက်ပြေးကုန်တဲ့အတွက် မုံးကိုးခရိုင်တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။

 

ဒါကြောင့် အခုလက်ရှိအချိန်ထိ ညီနောင်မဟာမိတ်တပ်တွေထိန်းချုပ်ထားနိုင်တဲ့မြို့တွေဟာ ‌ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ ဖောင်းဆိုင်၊ သိန္နီ နဲ့ မုံးကိုးရယ်ဆိုပြီး ငါးမြို့ထိရှိလာပြီဖြစ်ပါတယ်။