မုံရွာ-အရာတော်လမ်းတွင် စစ်ကောင်စီတပ် နှစ်ကြိမ်တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံး၊ နှစ် ဦးအပြင်းအထန်ဒဏ်ရာရ

Author လင်းခိုင်
Categories
Published on Dec 09, 2022

 

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းတွင် စစ်ကောင်စီတပ် နှစ်ကြိမ်တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးကာ၊ နှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Danger Force LPDF က ယနေ့တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားမှုသည် ဒီဇင်ဘာ ၇ ရက် နံနက် ၆ နာရီခန့်တွင် အရာတော်-မုံရွာ လမ်းမပေါ်ရှိ ချမ်းသာရွာ ဘုန်းကြီးကျောင်းအနီးတွင် ကင်းပုန်း၀တ်နေသည့် စစ်ကောင်စီ တပ်သားများနှင့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ညနေ ၆ နာရီခန့်တွင် အရာတော်-မုံရွာ လမ်းမပေါ်ရှိ ကမ်းပြူအရှေ့ရွာအနီးရှိ မိုင်းကွင်း တည့်တည့်ပေါ်သို့ စစ်ကောင်စီတပ်သား များရောက်ရှိလာသဖြင့် ပဒေသာမိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သုံးဦးသေဆုံးကာ နှစ်ဦး အပြင်းအထန်ဒဏ်ရာကာ သေနတ်များပစ်ဖောက်ပြီး အရာတော်ပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ပထမ တိုက်ပွဲက ကင်းပုန်း၀ပ်နေတဲ့ စကစ တွေကို တိုက်ခိုက်တာ၊ အဲ့တိုက်ပွဲမှာ သူတို့ အထိအခိုက်မရှိခဲ့ဘူး။ ကျွန်တော်တို့ ဆိုင်ကယ် နှစ်စီးကျန်ခဲ့တယ်။ သူတို့ဘက်ကနေ RPG နဲ့ပါပစ်လို့ ပြန်ဆုတ်ခဲ့ရတာ၊ ဒုတိယ တိုက်ပွဲက ညနေ ၆ နာရီလောက်မှ ကျွန်တော်တို့ ထောင်ထားတဲ့ မိုင်းကွင်းပေါ်ရောက်နေတဲ့ စကစ ၅ ကောင်ကို မိုင်းဆွဲတိုက်ခိုက်တာ ထိခိုက်ပြီးတော့ အရာတော်ဆေးရုံရောက်မှ သုံးဦးသေတယ်လို့သတင်းရတယ်” ဟု Danger Force LPDF မှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ပြောကြားသည်။

ယခုစစ်ဆင်ရေးနှစ်ခုအား Danger Force LPDF၊ Zero ပျောက်ကြားတပ်ဖွဲ့(မြင်းခြံ)၊ စစ်ကိုင်းနွေဦးရဲဘော်(စစ်ကိုင်းတိုင်း)၊ ကြယ်နီတပ်ဦး နှင့် မုံရွာခရိုင်တပ်ရင်း ၁၉ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- Danger Force LPDF
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #မုံရွာ-အရာတော်လမ်း