မုံရွာ-အမြင့်လမ်း၌ စစ်ကောင်စီက နေအိမ်များမီးရှို့ကာ ပြည်သူများကိုနှိပ်စက်များပြုလုပ်နေ

Author လင်းခိုင်
Categories
Published on Sep 29, 2022

မုံရွာ-အမြင့်လမ်းတစ်လျှောက်၌ စစ်ကောင်စီတပ်ဖွဲ့များသည် နေအိမ်များ မီးရှို့ကာ ပြည်သူများကို သတ်ဖြတ်မှုများပြုလုပ်နေကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက စက်တင်ဘာ ၂၈ ရက်ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီက နေအိမ်မီးရှို့ဖျက်ဆီးမှုဖြစ်စဥ်များသည် စက်တင်ဘာ ၂၇ရက် နံနက်တွင် မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာသို့ စစ်ကားသုံးစီး အင်အားအပြည့်ဝင်ရောက်လာပြီး နေအိမ် ၁၅လုံးခန့်ကို မီးရှို့ဖျက်စီးခဲ့သည်။

ထို့ပြင် စက်တင်ဘာ ၂၇ရက်ညနေတွင်လည်း မုံရွာဘက်မှ အလုပ်ပြန်လာသူ တစ်ဦးကိုပစ်သတ်ခဲ့ပြီး ထနောင်းမြောက်ကျေးရွာတွင်ညအိပ်တပ်စွဲထားသည့်အတွက် သတ်ဖြတ်ခံရသူစာရင်းအတိအကျမရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ယင်းအပြင် စက်တင်ဘာ ၂၈ရက်တွင် လက်နက်ကြီး ၊ စက်သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ထနောင်းတောတောင်ရွာသို့ စစ်ကြောင်းခွဲပြီး တောင်ရွာမှ နေအိမ်နှစ်လုံးကိုမီးရှို့ဖျက်စီးခဲ့သည်။

ထို့ပြင် မုံရွာ-အမြင့်ကားလမ်းပေါ်တွင် စစ်ကောင်စီက ကင်းပုန်းများချထားသဖြင့် နေ့ညဖြစ်စေ မုံရွာ အမြင့်ကားလမ်းကို အသုံးမပြုရန်နှင့် လမ်းတွင်အန္တရာယ်ကင်းရှင်းပြီဆိုပါက သတင်းထုတ်ပြန်ပေးမည် ဟု သတင်းမှန်ပြန်ကြားရေးကဆိုထားသည်။
ပုံစာညွှန်း- ထနောင်းတောမြောက်ရွာကို စစ်ကောင်စီက မီးရှို့ဖျက်စီးနေပုံ ဓာတ်ပုံ- မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး