မုံရွာ-မန္တလေး လမ်းတွင် ကားတစ်စီးမှ ဆိုင်ကယ်တစ်စီးကို ၀င်တိုက်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံး

Author မွန်လေး
Categories
Published on Oct 18, 2022

မုံရွာ-မန္တလေးလမ်းတွင် ကားတစ်စီးမှ ဆိုင်ကယ်တစ်စီးကို ၀င်တိုက်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာ မြို့၏ လူနာသွားရောက် ခေါ်ဆောင်မှု မှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်သည် ယနေ့(အောက်တိုဘာ ၁၈) နံနက် ၇နာရီ ၄၅မိနစ်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြေနဲကျေးရွာအနီးတွင် ကားတစ်စီးမှ ဆိုင်ကယ်တစ်စီးကို ၀င်တိုက်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုကို မျက်မြင်တွေ့ရှိသူတစ်ဦးမှ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့သို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားသဖြင့် ကယ်ဆယ် ရေးယာဉ်နှစ်စီးဖြင့် အတိုက်ခံရသူ နှစ်ဦးအား မုံရွာ ဆေးရုံကြီး OPD သို့ ပို့ဆောင်ခဲ့သော်လည်း အသက်သေဆုံးခဲ့သည့်အတွက် ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့၏ သတင်းထုတ်ပြန်ချက်အောက်တွင် ဆိုင်ကယ်အား အမျိုးသားနှစ်ယောက်စီးနေသည်ကို စစ်သားများမှ ကားဖြင့် တိုက်ပြေးခဲ့ခြင်းဖြစ်သည်ဟု မှတ်ချက်ပြု ရေးသားထားသည်ကို တွေ့ရှိရသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယာဉ်တိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် အမျိုးသားနှစ်ဦးသည် မည်သည့် ရွာသားဖြစ်သည်နှင့် အသက်မည်မျှရှိသည်ကိုမူ CJ Platform အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။