မုံရွာ-မန္တလေးလမ်း အမျိုးသားနှစ်ဦးသေဆုံးခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ်မှ တိုက်သည့်ကားသည် ဘုန်းကြီးစီးလာသည့်ကား ဖြစ်နေ
မုံရွာ-မန္တလေးလမ်း၌ အမျိုးသားနှစ်ဦးသေဆုံးခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ်မှ တိုက်သည့်ကားသည် ဘုန်းကြီးစီးလာသည့် ကားဖြစ်နေကြောင်း မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့က ယနေ့ နံနက် ၁၁နာရီ မိနစ် ၃၀ တွင် ထုတ်ပြန်ထားသည်။
“တိုက်ပြေးသွားတဲ့ ဘုန်းကြီးကားပိုင်တဲ့ ကျောင်းက ဦးဇင်းတစ်ပါးဆက်သွယ်လာပါတယ်ခင်ဗျာ၊ ကားပေါ်ပါလာတဲ့ ဘုန်းကြီးက ဖြစ်အပြီးမှာ ရပ်ဖို့ပြောပေမယ့် မောင်းတဲ့ကျောင်းသားက ကြောက်လန့်ပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ယခုဖြစ်သွားသော အမှုအတွက် အစအဆုံး တာ၀န်ယူ ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ဆက်သွယ်ပြောကြား လာပါတယ်ခင်ဗျာ” ဟု မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မုံရွာ-မန္တလေးလမ်း တွင် ကားတစ်စီး ဆိုင်ကယ်တစ်စီးကို ဝင်တိုက်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့မှ ယင်း၏ လူမှုကွန်ယက် စာမျက်နှာ၌ ထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်သည် ယနေ့(အောက်တိုဘာ ၁၈) နံနက် ၇နာရီ ၄၅မိနစ်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြေနဲကျေးရွာအနီးတွင် ကားတစ်စီးမှ ဆိုင်ကယ်တစ်စီးကို ဝင်တိုက်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုကို မျက်မြင်တွေ့ရှိသူတစ်ဦးမှ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့သို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားသဖြင့် ကယ်ဆယ်ရေးယာဉ်နှစ်စီးဖြင့် အတိုက်ခံရသူ နှစ်ဦးအား မုံရွာ ဆေးရုံကြီး OPD သို့ ပို့ဆောင်ခဲ့သော်လည်း အသက်သေဆုံးခဲ့သည့်အတွက် ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့သည်။