မုံရွာ-မန္တလေးကားလမ်းပေါ်တွင် စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက် ကြားဖြတ်တိုက်ခံရပြီး လေးဦးသေ

Author လဂွန်းအိမ်
Categories
Published on Mar 01, 2024

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ၊မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီတပ်သားများ နှစ်ရက်ဆက်တိုက် ကြားဖြတ်တိုက်ခိုက်ခံရပြီး အနည်းဆုံး လေးဦး သေဆုံးခဲ့ကြောင်း Moe Nyo Revolution Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ည ၉နာရီခန့်တွင် မုံရွာ-မန္တလေးကားလမ်း  ကန်ဖျားဇရပ်အနီး ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြပြီး ည ၁၂နာရီခန့်တွင် မိုင်းရှင်းရန် ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ကန်ဖျားဇရပ်နီးမှာပင် မိုင်း ခြောက်လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဖေဖော်ဝါရီ၂၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း မြင်းမူသို့ ထွက်ခွာလာသော စစ်ကောင်စီ၏ ၅ စီးပါယာဥ်တန်းကို ကန်ဖျားဇရပ်နှင့် ထီးဆောင်းအကြား၌ မိုင်းဆွဲတိုက်ခိုက်ရာ နောက်ဆုံးအစီး ထိမှန်ခဲ့ကြောင်း သိရရှိရပြီး ညနေ ၅ နာရီခန့်တွင် စစ်ကိုင်းမှ ထွက်လာသည့် စစ်ကောင်စီယဉ်တန်းကို ကားလမ်းဘေးတလျှောက် ကြိုတင်နေရာ ရယူကာ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ၄ စီးမြောက် ကား၏ ခေါင်းခန်းအား ထိမှန်ခဲ့ပြီး တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

 

” ၄ စီးမြောက်ကားက ပြန်မပစ်နိုင်တော့ဘူး ဒါပေမယ့် နောက်ကလိုက်လာတဲ့ ကားက လက်နက်ကြီးနဲ့လည်း ပစ်တယ် လက်နက်ငယ်တွေနဲ့လည်း ပြန်ပစ်တယ်၊ လက်နက်ခဲယမ်း မလုံလောက်လို့ မှောက်သွားတဲ့ကားကို မသိမ်းနိုင်ခဲ့ပဲ ပြန်ဆုတ်ခွာလာရတယ် ” ဟု Moe Nyo Revolution Force မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ကားလမ်းဝဲယာတစ်လျောက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ယင်းတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သား လေးဦးထက်မနည်း သေဆုံးသွားသည်ဟု ဆိုသည်။

 

အဆိုပါ တိုက်ခိုက်မူကို Moe Nyo Revolution Force၊PENTAGRAM (ငါးထောင့်ကြယ်)၊ People Revolution Force Kyaukse ညီနောင်သုံးဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ – Moe Nyo Revolution Force