မုံရွာရှိ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခု ဝင်စီးခံရ၊ နှစ်ဖက် အကျအဆုံးရှိ

Published on Feb 27, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၏ စခန်းတစ်ခု စစ်ကောင်စီတပ်သားများ၏ ဝင်ရောက်တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ယင်းတပ်ရင်းထံမှ သိရသည်။

 

ထိုစစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၅ နာရီခန့်တွင် မုံရွာမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော Special ဒိတ်ဒိတ်ကြဲအဖွဲ့ ဝင်ရောက်စီးနင်းခံခဲ့ရပြီးနောက် ကျေးရွာများအတွင်းသို့ ဝင်ရောက်မီးရှို့ခဲ့ကြောင်း သိရသည်။

 

“Local စခန်းကို အရင်ဝင်စီးတာပါ။ ပြီးမှ ရွာတွေထဲကို မီးရှို့တာပါ။ အဲဒီနောက်မှ မုံရွေး၊ ကြေးမုံရွာထဲဝင်ပြီး ကျွန်တော်တို့ ရဲဘော်တွေနဲ့ ထိတွေ့မှုဖြစ်တာပါ” ဟု People’s Defense Force-South Monywa-V4 သတင်းပြန်ကြားရေးတာဝန်ခံက CJ Platform သို့ ပြောသည်။

 

ထိုစစ်ကြောင်းသည် ဗန်စီ​ကျေးရွာရှိ နေအိမ် သုံးလုံးနှင့် နိဗ္ဗာန်ဝကျေးရွာရှိ ကျောင်းဇရပ်တစ်ဆောင်၊ ကြက်ခြံ(၄)ခြံတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် အပြန်လမ်းတွင် ရမ်းသန်ပစ်ခတ်သဖြင့် စစ်ဘေးရှောင်နေကြသော ပြည်သူ(၄)ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း ၎င်းက ဆိုသည်။

မုံရွေးနှင့် ကြေးမုံရွာအတွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်နှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ဆုံပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးသည့်အပြင် နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ စစ်ကောင်စီတပ်ဘက်က ဝိုင်းဝန်းညှပ်ပိတ် ပစ်ခတ်မှုကြောင့် တော်လှန်ရေးရဲဘော် ဇော်ထက်အောင်၏ ခြေထောက်တွင် ကျည်ထိမှန်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသည့်အတွက် စစ်ကောင်စီတပ်သားများ၏ ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း အထက်ပါ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

 

ထို့နောက် စစ်ကောင်စီတပ်သားများသည် နေ့လယ် ၂ နာရီခန့်တွင် ကျေးရွာအတွင်းမှ ဆုတ်ခွာသွားခဲ့ပြီးနောက် ရဲဘော် ဇော်ထက်အောင်ကို ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့သည်ဟု ၎င်းက ပြောသည်။

 

“ကျွန်တော်တို့အနေနဲ့ကတော့ ရဲဘော်တစ်ယောက်ကျသွားတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ စိတ်ဓာတ်တော့ ကျမသွားပါဘူး။ ရဲဘော်တစ်ယောက်ကျရင် အဲဒီရဲဘော်မပြီးဆုံးခဲ့တဲ့တာဝန်တွေကို ကျွန်တော်တို့အနေနဲ့ ပိုပြီးတော့ထမ်းဆောင်ကြရတော့မှာပါ။ ရဲဘော်ရဲ့ကျန်ခဲ့တဲ့တာဝန်တွေအတွက် ကျွန်တော်တို့ပိုမိုကြိုးစားပြီး တရားဥပဒေစိုးမိုးပြီး စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားကြပါမယ်ဗျ” ဟု တာဝန်ခံက ဆက်လက်ပြောကြားသည်။

 

ထိုတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့များဘက်က ရဲဘော် ဇော်ထက်အောင်နှင့်အတူ စူပါကာစတန် ကား(၁)စီး၊ ဆိုင်ကယ်နှစ်စီး၊ ကာဘိုင်(၃)လက်၊ ၆၀ မမ(၄)လုံး၊ လက်လုပ်လက်ပစ်ဗုံး(၃)လုံး၊ 5.56 ကျည်(၅)တောင့်၊ 7.62 ကျည်(၅)တောင်၊ ယမ်းထုပ် တစ်ပိဿာနှင့်အတူ စစ်အသုံးအဆောင်များ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။