မုံရွာတွင် စစ်ကောင်စီတပ်သားများ အထိုင်ချရာ နေရာများအား လက်ပစ်ဗုံးဖြင့် တိုက်ခိုက် နှစ်ဦးသေဆုံး

Author မင်းထက်
Categories
Published on Dec 18, 2023

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီ အထိုင်ချတပ်စွဲထားရာ နေရာများအား လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း  Golden Eagle Force- Monywa အဖွဲ့ခေါင်းဆောင်  ကိုလင်းယုန်က CJ Platform သို့ ပြောသည်။

 

ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီအချိန်တွင် မုံရွာမြို့ နတ်လူထိပွန်ရပ်ကွက်ရုံးတွင် တပ်ဆွဲထားသော

စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့်ရဲများကို  လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ယင်းတိုက်ခိုက်မှုအပြီး နာရီဝက်ခန့်အကြာ ည ၇ နာရီခွဲ၀န်းကျင်တွင် မုံရွာ စက်မှုဇုန်လမ်းခွဲအနီး အထက်တန်းကျောင်း၌ ကင်းပုန်းဝပ်နေသော စစ်သားများကို ဗုံး ၁ လုံးနှင့်ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် မုံရွာမြို့အထွက်ရှိ အမှတ် ၁၆ ခြေမြန်တပ်ရင်းအား ဒီဇင်ဘာ ၁၇ ရက်မနက် ၈ နာရီခွဲအချိန်က လက်ပစ်ဗုံး တစ်လုံးပစ်ကာ တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force- Monywaထံမှ သိရသည်။

 

” မနေ့ည ၇နာရီတိုက်ခိုက်ခဲ့တာက နှစ်ယောက်သေတယ်။ ဒီနေ့မနက် တိုက်ခိုက်ခဲ့တာက ထိခိုက်မှုမရှိပါဘူးဗျ။ ဒီကနေ့ တိုက်ခိုက်ပြီးနောက်မှာဆို စကစဘက်က ပြန်လည် ရမ်းသန်းပစ်ခတ်တာတော့ ရှိခဲ့ပါတယ်ဗျ” ဟု Golden Eagle Force- Monywa အဖွဲ့ခေါင်းဆောင် ကိုလင်းယုန်က ပြောသည်။

 

၄င်းတိုက်ခိုက်မှုများကို Golden Eagle Force- Monywa နှင့် Monywa UG အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ၊တိုက်ခိုက်မှု ၃ ကြိမ်အတွင်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ထိခိုက်မှုများရှိသော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိင်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ -Golden Eagle Force- Monywa