မုံရွာတွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်မှု ဗိုလ်အပါအ၀င် ၃ ဦးသေဆုံး၊ CDM စစ်သား တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံး

Author မင်းထက်
Categories
Published on Jan 09, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရွာသို့စစ်ကြောင်းထိုးရန်ထွက်လာသော စစ်ကောင်စီတပ်သားများကို ကြားဖြတ်တိုက်ခိုက်မှုအတွင်း ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကြောင်း မုံရွာခရိုင်အမှတ် – ၄  တပ်ရင်း ပြန်ကြားရေးတာ၀န်ခံက CJ Platform သို့ ပြောသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့  ရက်နေ့ နံနက် ၈ နာရီခွဲမှစတင်ပြီး ညောင်ဖြူပင်ရဲစခန်းမှ အင်အား ၃၀ ကျော်ပါစစ်ကြောင်း ၂ ကြောင်းဖြင့် ညောင်ဖြူပင်ရွာအတွင်းသို့ စစ်ကြောင်းထိုးလာခဲ့သည့်စစ်ကြောင်းများကို မိနစ် ၃၀ ကြာ ခုခံစစ်ဖြင့် တိုက်ခိုက်ဖြတ်တောက်ခဲ့ရာ စစ်ကောင်စီ ဗိုလ် ၁ ဦး အပါအ၀င် သုံးဦးသေဆုံးပြီး သုံးဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါတာ၀န်ရှိသူက ဆိုသည်။

 

တဖက်တွင်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၀င် ရဲဘော် Jade (CDM စစ်သား)သည် မြင့်မြတ်စွာ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

 

“သူက လေကြောင်းရန်ကာကွယ်ရေးကနေ CDM ၀င်တာဗျ။ ၂၀၂၁ လောက်က၀င်တာ။ တော်တော်လေးစောတယ်ဗျ။ CDM ၀င်ချိန်လက်နက်ခဲယမ်းပါလာတာတော့ မရှိဘူးဗျ။ CDM စစ်သားပေမဲ့ တပ်ရင်းကိုရောက်တဲ့အခါမှာ တော်တော်လေး အလုပ်လုပ်ခဲ့တယ်။ တိုက်ပွဲတွေလည်း အများကြီးတိုက်ခဲ့တယ်။ လေ့ကျင့်ရေးသင်တန်းမှူးလည်းဖြစ်ပါတယ်” ဟု အထက်ပါတာ၀န်ရှိသူက ပြောသည်။

 

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း(၄)၏ အထူးကွန်မန်ဒိုတပ်ဖွဲ့(Monywa The Boys)၊ တပ်ခွဲ (၂) 5/Monywa Commando Force၊ မုံရွာခရိုင်တပ်ရင်း(၅)၊ (၉)၊ (၁၃)၊ (၂၅)၊ Special Guerilla Force-Monywa S.G.F၊ စေတန်နှင့် ညောင်ဖြူပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။