မုံရွာက တောပုရွာပျူစခန်းကို ဝင်တိုက်၊ စစ်ကောင်စီတပ်သား သုံးဦးသေဆုံး

Author မင်းထက်
Categories
Published on Feb 29, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုကျေးရွာ ပျူစောထီးစခန်းရှိ စစ်ကောင်စီနှင့် ပျူစောထီးများကို  တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း ယင်းစစ်ဆင်ရေးတွင်ပါဝင်ခဲ့သော တော်လှန်ရေးရဲဘော်များ၏ ပြောဆိုချက်အရ သိရသည်။

 

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီခန့်မှ ၁၂ နာရီခွဲခန့်က စစ်ကောင်စီတပ်သားများနှင့် ပျူများ အခြေချနေထိုင်သော တောပုပျူစခန်းကို PDF ပူးပေါင်းတပ်များက “Shar Htoo WAW” နည်းပညာသုံး တိုက်ခိုက်ရေးဒရုန်းများဖြင့် ဗုံးသီး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့မှုကြောင့်  စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာအပြင်းထန်ရရှိသွားကြောင်း သိရသည်။

 

“အဲဒီရွာမှာ ‌ေ-ွး(စစ်သား)တွေနေတာ ကြာပြီ။ ​‌ေ-ွးအင်အားက ငါးဆယ်လောက်ရှိမှာ။ ဟိုတစ်လောလေးက ကြာပိုင်ရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေကို သတ်သွားတာလည်း တောပုကအဖွဲ့ပါ” ဟု စစ်ကိုင်းခရိုင်အမှတ် (၄)-MSPDF/MSDF ပြန်ကြာရေးတာ၀န်ခံက ပြောသည်။

 

ယခုတိုက်ခိုက်မှုတွင် စစ်ကိုင်းခရိုင်အမှတ်(၄)-MSPDF/MSDF မှ Fixed Wings Drone တစ်စီး ဆုံးရှုံးခဲ့ကြောင်း၊ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း-NRDF ၊ မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း-တပ်ခွဲ(၂)၊  မုံရွာခရိုင်အမှတ်(၇)တပ်ရင်း ၊ မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်း၊ မိတ္ထီလာခရိုင်အမှတ်(၃)တပ်ရင်း ၊  CHAUK PDF ၊ MGN 35၊  Golden Eagle ၊ Justice Warrior Forcesလ၊  Shinning Stars တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ထို့ပြင် အဆိုပါဖေဖော်၀ါရီ ၂၇ ရက် ၁၂ နာရီ ၁၅ မိနစ်ခန့်က မုံရွာမြို့နယ် စွမ်းရည်ထက်ဂိတ်မှ တောပုပျူကျေးရွာသို့ ဆိုင်ကယ်သုံးစီးဖြင့် ရိက္ခာသယ်ပြန်လာသော ပျူစောထီးသုံးဦးနှင့် ပျူအမျိုးသမီးတစ်ဦးကို တော်လှန်ရေးအဖွဲ့များက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုတိုက်ခိုက်မှုကြောင့် ပျူစောထီးသုံးဦး နေရာတွင် သေဆုံးပြီး ပျူအမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း(၇) တပ်ရင်းထံမှ သိရသည်။

 

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၇) ၊ မုံရွာခရိုင်တပ်ရင်း(၄)၊ Special force-11 ၊ Special ဒိတ်ဒိတ်ကြဲ၊ Monywa Dynamite (STF)၊ သပြေညိုပျောက်ကြားတပ်ဖွဲ့၊Area-71၊ မုံရွာခရိုင်တပ်ရင်း(၂၁)တပ်ခွဲ(၃) ပူးပေါင်းအဖွဲ့များက ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

တောပုပျူစောထီးများသည် မကြာခဏ စစ်သားများနှင့်ပူးပေါင်းကာ အနီး၀န်းကျင်ရှိ ကျေးရွာများရှိ ပြည်သူများအပေါ်  ဖိနှိပ်ဗိုလ်ကျအနိုင်ကျင့်မှုများရှိကြောင်း ၊  ပြည်သူပိုင်ပစ္စည်းများကိုလည်း အတင်းအဓမ္မယူဆောင်လေ့ရှိကြောင်း သိရသည်။

 

ယခင်နှစ် ၂၀၂၃ ဒီဇင်ဘာ ၂ ရက်က  စစ်သားများနှင့် တောပုကျေးရွာမှ ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ကြာပိုင်ကျေးရွာကို ဝင်ရောက်စီးနင်းကာ ပြည်သူ့နေအိမ် ၁၅၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊  ပြည်သူ ၁၀ဦးကိုလည်း အရှင်လတ်လတ် အိမ်ထဲစုထည့်၍ တိုက်ပိတ်ကာ မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း တော်လှန်ရေးရဲဘော်များ၏ ပြောဆိုချက်အရသိရသည်။