မုန်းမြို့ မြို့မဈေး မီးလောင်ခြင်းမှာ ဂတ်စ်အိုးပေါက်ကွဲမှုကြောင့်သာဖြစ်ကြောင်း စစ်ကောင်စီပြောလာတဲ့ လုပ်ကြံသတင်း

Author မင်းထက်
Categories
Published on Dec 22, 2023

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ မြို့မစျေး မီးလောင်ပြီး ပြာကျသွားရတာဟာ ဈေးဆိုင်ခန်း ၁ ခန်းမှ ဂတ်စ်အိုးပေါက်ကွဲတာကြောင့် ဖြစ်တာလို့ စစ်ကောင်စီက လုပ်ကြံသတင်းတစ်ပုဒ်ကို ထုတ်ပြန်လာခဲ့ပါတယ်။

 

ဒီပြောဆိုချက်ကို  ဒီဇင်ဘာ ၂၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ ပြန်ကြားရေး၀န်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။ ဒါ့ပြင် လွတ်လပ်တဲ့ သတင်းဌာနတွေက သတင်းမှန်တင်ဆက်ချက်တွေကိုလဲ မဟုတ်မမှန်ကြောင်း ငြင်းဆိုထားပါတယ်။

 

ဖြစ်စဥ်အမှန်ကို စိစစ်စစ်ဆေးခဲ့ရာမှာတော့  စစ်ကောင်စီ ဖော်ပြပြောဆိုချက်ဟာ လွဲမှားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြချက်အရ စစ်ကောင်စီ ပြောဆိုသလို ဂတ်စ်အိုးပေါက်ကွဲတာကြောင့် မီးလောင်တာမဟုတ်ဘဲ “ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မုန်းမြို့မဈေးရှိဆိုင်ခန်းများအား စစ်ကောင်စီတပ်က မီးရှို့ သွားခြင်းဖြစ်ပြီး သုံးနာရီကျော်နီးပါး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း” သိရပါတယ်။

 

သတင်းအပြည့်အစုံဖတ်ရန်-

Mizzima – https://bitly.ws/36Rt6

Tachileik News Agency – https://archive.ph/OXxjd

မြေလတ်အသံ – https://archive.ph/NG2BX

 

စစ်ကောင်စီ ရဲ့ ပြောဆိုထုတ်ပြန်ချက်မှာ “မုန်းမြို့ရှိ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းမှုနှင့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် ဈေးအတွင်းရှိ ဈေးဆိုင်ခန်း ၁ ခန်းမှ ဂတ်စ်အိုးပေါက်ကွဲသဖြင့် ဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၂၃၈ ခန်းရှိသည့်အနက် ၂၁၀ ခန်း မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ တပ်မတော်အနေဖြင့် ပြည်သူလူထုနေထိုင်ရာနေရာများသို့ မည်သည့်အခါမျှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိခဲ့ဘဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက် သောင်းကျန်းသူများ၏ရန်မှ အစဉ်တစိုက် ကာကွယ်ပေးလျက်ရှိသည်” လို့ လုပ်ကြံပြောဆိုထားပါတယ်။

 

ဒါကြောင့် စစ်ကောင်စီရဲ့ ပြောဆိုဖော်ပြချက်ကို သတင်းတုသတင်းမှား စိစစ်တဲ့နည်းလမ်းတွေနဲ့  စစ်ဆေးခဲ့ရာမှာ မုန်းမြို့စျေးမီးလောင်ခဲ့တဲ့ သတင်းဖြစ်စဥ်ဟာ မှန်ကန်ပေမဲ့ သတင်းမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေက လွဲမှားနေတာ ၊ မသက်ဆိုင်တဲ့ အခြေအနေအခင်းအကျင်းတစ်ခုကို ဖန်တီးချိတ်ဆက်ထားသောကြောင့် အခြေအနေ အခင်းအကျင်းမှား ( False Context)  သတင်းအမျိုးအစားဖြစ်နေတာတွေ့ရပါတယ်။

 

ကြည့်ရှုရန် – https://archive.ph/OamuT

 

ဒါ့ပြင် Snow Queen ဆိုတဲ့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တစ်ခုကနေ “ပဲခူးတိုင်း၊ တောင်ငူခရိုင် ၊ဖြူးမြို့နယ်အရှေ့ မုန်းမြို့ရှိ မုန်း ( မြတ်မာလာစျေး)  အား အကြမ်းဖက် PDF များက အရပ်ဝတ်များဖြင့် လာရောက်ပီး ၊မနေ့က နေ့လည် ၂နာရီ ၄၀ မိနစ်အချိန်ခန့်က မီးရှို့ဖျက်စီးခဲ့ကြောင်း သိရပါတယ်။တော် လှန်ရေးခေါင်းစဥ်ပြပြီး ပြည်သူကို ဆင်းရဲဒုက္ခအဖုံဖုံပေးနေသော အကြမ်းဖက်တို့ရဲ့ ယုတ်မာရက်စက်သော လုပ်ဆောင်ချက်ပါ” ဟု လုပ်ကြံပြောဆိုမှုတစ်ခု ဖြန့်ဝေခဲ့ပါတယ်။ ဒီလုပ်ကြံပြောဆိုချက်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မှာ ဖြန့်ဝေခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ၈ နာရီခွဲ နာရီ၀န်းကျင်မှာ Like & react ၁၆၀ ၊ ပျံနှံ့မှု ၁၇၀၀၀ ခန့်ရှိနေတာ တွေ့ရပါတယ်။

 

ဒီအကြောင်းအရာကို သတင်းတုသတင်းမှား စိစစ်တဲ့နည်းလမ်းတွေနဲ့  စစ်ဆေးရာမှာ ဖြစ်စဥ်တစ်ခု ကို ဘောင်ခတ်ပုံသွင်းပြီး သတင်းအချက်လက်တွေကို လှည့်ဖြားလိုသော ရည်ရွယ်ချက်နဲ့ တင်ဆက်တဲ့ လှည့်ဖြားမှားယွင်းသော တင်ဆက်ချက် (Misleading Content) ဖြစ်နေတာ တွေ့ရပါတယ်။

 

ကြည့်ရှုရန် – https://archive.ph/xh67P

 

အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ် ဖော်ပြလိုက်ရပါတယ်။

 

ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။

 

အလွယ်မယုံလိုက်ကြနဲ့နော်။