မုန်လိုင်ခက်စစ်ရှောင်စခန်းကို နေရာပြောင်းရွှေ့မည်၊ ဒဏ်ရာရသူများ ပြန်သက်သာလာပြီဟု KIA ပြောခွင့်ရပုဂ္ဂိုလ်ပြော

Author ခေတ်နီ၊ လင်းနွေဦး
Categories
Published on Oct 12, 2023

စစ်ကောင်စီ၏ တိုက်ခိုက်မှုခံခဲ့ရသော ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို နေရာသစ်သို့ ပြောင်းရွှေ့ပြီး အဆောက်အအုံသစ်များ ဆောက်ပေးမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA ) ပြောခွင့်ရ ပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး နော်ဘူက CJ Platform သို့ ပြောကြားသည်။

လတ်တလော မုန်လိုက်ခက်စစ်ရှောင်စခန်းသည် နေမရတော့သည့်အတွက် ကျန်ရှိစစ်ဘေးရှောင်များကို ဝေကျိုင်စစ်ရှောင်စခန်းသို့ ရွှေ့ပြောင်းနေရာချထားပေးရကြောင်း ၎င်းက ပြောသည်။

“အခုကတော့ နေဖို့နေရာကို ရွှေ့ပြောင်းထားရတယ်။ အရင်က နေရာဟောင်းတွေပေါ့။ လုံးဝနေလို့မရတော့ဘူး။ ပြည်သူလူထုလည်း မနေရဲတော့ဘူးလေ။ နေရာအသစ်တွေပြန်ချပြီးမှ အဆောက်အအုံအသစ်တွေ ပြန်ဆောက်ပေးရမှာပေါ့လေ။ ကူညီထောက်ပံ့တာတွေကတော့ ကယ်ဆယ်ရေးအဖွဲ့တွေကနေလည်း ကူညီနေပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုလည်း ကျနော်တို့ လိုင်ဇာဆေးရုံမှာ ကုသပေးနေတယ်။ တော်တော်များများလည်း သက်သာနေပါပြီ” ဟု ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

မည်သည့်နေရာသို့ ပြောင်းရွှေ့မည်ဆိုခြင်းကို ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ ညနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်မှ ပစ်ခတ်တိုက်ခိုက်မှုအတွင်း လသားကလေးငယ်အပါအဝင် ကလေးငယ် (၁၀)ဦးနှင့် အရပ်သားစုစုပေါင်း ၂၉ ဦးသေဆုံးခဲ့ပြီး ၅၇ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ရသည်။

လတ်တလော စစ်ကောင်စီတပ်တိုက်ခိုက်မှုခံခဲ့ရသည့် မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းဖြစ်စဥ်မှ အသက်ရှင်ကျန်ရစ်ခဲ့သည့် မိသားစုများအတွက် အရေးပေါ်အကူအညီများလိုအပ်နေပြီး ၎င်းတို့တွင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများပြင်းထန်နေကြောင်း စစ်ဘေးရှောင်အရေးကူညီသူများထံမှ သိရသည်။

ထိုသို့တိုက်ခိုက်ခံရအပြီး အသက်ရှင်ကျန်ရစ်ခဲ့သည့် အိမ်ထောင်စုများအတွက် နေရာထိုင်ခင်းနှင့် မီးဖိုချောင်သုံးပစ္စည်များအပါအဝင် အစားအသောက်နှင့် စောင်၊ အနွေးထည်များ အရေးပေါ်လိုအပ်နေကြောင်း အကူအညီပေးနေသူများက ဆိုသည်။

“ငိုဖို့ရာကို အားမရှိကြတော့ဘူးထင်ပါတယ်။ အကုန်ပျက်စီးနေတယ်။ ရစရာမရှိဘူး။ ဘာမှ ရစရာကိုမရှိတာ။ ထမင်းချက်ဖို့အိုးတောင်မရှိဘူး။ စိတ်တွေလည်း ထိကြမှာပေါ့လေ။ ဝမ်းနည်းကြတာ မျက်လုံးမှာကို ပေါ်ကြတယ်။ အခုကတော့ သူတို့ကို လိုင်ဇာမြို့အစွန်မှာရှိတဲ့ ဝေကျိုင်စစ်ရှောင်စခန်းမှာထားတယ်။ ဝေကျိုင်က စစ်ရှောင်စခန်းဆိုပေမယ့် ရပ်ကွက်လိုမျိုးဖြစ်နေပြီ။ အစားအစာ၊ အဝတ်အထည်နဲ့ အသုံးအဆောင် ပစ္စည်းတွေကိုတော့ တတ်အားသ၍ စုပေါင်းလှူဒါန်းကြပြီးတော့ ဝေကျိုင်စစ်ရှောင်စခန်းတာဝန်ခံကို လှူဒါန်းကြရတာပါ” ဟု အဆိုပါစစ်ဘေးရှောင်များကို အကူအညီပေးရေး လုပ်ဆောင်နေသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုအတွင်း မုန်လိုက်ခက်ရှိ စာသင်ကျောင်း၊ ဘုရားကျောင်းနှင့် နေအိမ် ၁၆၈ လုံးအထိပျက်စီးခဲ့ပြီး လူဦးရေ ၈၀၀ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ် တိုက်ခိုက်ခဲ့သည့် မုန်လိုင်ခက်စစ်ရှောင်စခန်းသည် ၂၀၁၁ ခုနှစ် တကျော့ပြန် ကချင်စစ်ပွဲကြောင့် နေရပ်စွန့်ခွာရသည့် ဒေသခံများနေထိုင်သည့် IDP စခန်းတစ်ခုဖြစ်သည်။

ထိုသို့တိုက်ခိုက်မှုကို ကျူးလွန်သူများအနေဖြင့် အဆိုပါလုပ်ရပ်အပေါ် တာဝန်ခံရမည်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောဆိုချက်ကို UN Myanmar ထုတ်ပြန်ချက်တွင်း ထည့်သွင်း ဖော်ပြထားသည်။